စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာမယ့် ဆင်းရဲမွဲတေမှုများ

Author : Pyai Nyein Kyaw

 

မေ ၁၇၊ ၂၀၂၁

မြန်မာနိုင်ငံသည် ဆင်းရဲမွဲတေမှုကနေ လွတ်ကင်းအောင် ၂၀၁၁ ခုနှစ် ကတည်းက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ စွမ်းဆောင်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီကို ရှေ့ရှု့ခဲ့ကြတယ်၊ စျေးကွက်စီးပွားရေး (စကားလုံးများနှင့် ဝါဒဖြန့်သက်သက်မဟုတ်ဘဲ) ကို ပုံဖော်ခဲ့ကြတယ်။ မြန်မာနိုင်ငံရဲ့ ဆင်းရဲ မွဲတေမှုနှုန်းက ၂၀၀၅ ခုနှစ်မှာ ၄၈.၂ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ်မှာတော့ ၂၄.၈ ရာခိုင်နှုန်းထိ ဆင်းရဲ့မွဲတေမှုနှုန်းလျော့ပါးအောင် ကြိုးစားနိုင်ခဲ့ကြတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့၊ ဒီစစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါအထိ ဆင်းရဲမွဲတေကြရတော့မှာပါ။

ဝင်ငွေနဲ့ သုံးစွဲမှု

အာဏာသိမ်းပြီး နောက် ၆ လ အတွင်း ယခင် ဆင်းရဲမွဲတေမှုဒဏ်နဲ့ ယခု စစ်အာဏာသိမ်းမှုကြောင့် လူပေါင်း ၃.၄ သန်းကျော်သော မြန်မာပြည်သူတွေက အငတ်ဘေးနဲ့ ကြုံရမယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က ခန့်မှန်းထားပါတယ်။ အထူးသဖြင့် မြို့ပြနေပြည်သူတွေမှာ ပိုကြုံရဖွယ်လည်းရှိပါတယ်။ မြန်မာနိုင်ငံလူဦးရေ စုစုပေါင်းရဲ့ ၄၈.၂ ရာခိုင်နှုန်းဟာ ဆင်းရဲမွဲတေမှုပြမျဉ်းအောက်ကို ရောက်ပါလိမ့်မယ်။ တစ်ဖြည်းဖြည်းနဲ့ ဆင်းရဲမှုနှုန်းကလည်း တက်လာဖို့ရှိတယ်။ အခြေအနေတွေက ဒီလိုဘဲ ဆက်သွားနေမယ်ဆိုရင် ၂၀၂၂ ခုနှစ်အ စေားပိုင်းမှာ ဆင်းရဲမှုနှုန်းက ၂ ဆ နီးပါးတောင် တက်နိုင်သေးတယ်။ အာဏာသိမ်းမှုရဲ့ရလဒ်ကတော့ အလုပ်တွေရပ်သွားတယ်၊ ဝင်ငွေနဲ့ လစာ တွေဆုံးရှုံးသွားတယ်။ အဲ့နောက်ပိုင်း သုံးစွဲမှုနှုန်းတွေကျလာတယ်၊ အချို့ ဝင်ငွေနည်းအိမ်ထောင်စုတွေ အစာရေစာ မလုံလောက်တော့ပါဘူး။ ဒါတင်မကသေး အခြေခံပြည်သူ့ရေးရာ စောင့်ရှောက်မှုတွေနဲ့ လူမှုရေးဆိုင်ရာ အကာအကွယ်တွေလည်း ဆုံးရှုံးလိုက်ရပါတယ် လို့ UNDP အစီရင်ခံစာက ဆိုပါတယ်။

ဆင်းရဲမွဲတေမှုတွေက မြို့ပြတွေကို ပိုပြီတော့ ဦးတည်နေတယ်၊ မြို့ပြတွေမှာ ပိုပြီး ဆင်ရဲမှုရဲ့ ဒဏ်ကို ပိုခံစားရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ကပ်ရောဂါကာလကတည်းက မြို့ပြဆင်းရဲ့ မွဲတေမှုရာခိုင်နှုန်းက ၂ ဆ နီးပါတက်မယ်လို့ ခန့်မှန်းထားတာပါ။ ၂၀၁၇ ခုနှစ်မှာ မြို့ပြဆင်းရဲမွဲတေမှုက ၁၁.၃ ရာခိုင်နှုန်း ရှိနေရာကနေ ကပ်ရေားဂါကြောင့် ၂ ဆကျော်ခဲ့ပြီး၊ ရာခိုင်နှုန်းအားဖြင့် ၂၅.၉ ရာခိုင်နှုန်းဖြစ်လာတာပါ။ အမျိုးသမီးတွေ၊ ကလေးသူငယ်တွေ အနေနဲ့ ဆင်းရဲမွဲတေမှုရဲ့ ဝန်ထုတ်ဝန်ပိုကို ပိုခံရနိုင်ဖွယ်လဲရှိပါတယ်။ အမျိုးသမီးဦးဆောင်နေ တဲ့ အိမ်ထောင်စုတွေကတော့ ဆင်းရဲမွဲတေမှုရဲ့ ထောင်ချောက်ထဲကို အလွယ်တကူ ရောက်ရှိနိုင်ပါတယ်။ ကပ်ရေားဂါနဲ့ ယခုစစ်အာဏာသိမ်းမှုများကြောင့် ကလေးသူငယ်တွေရဲ့ ပညာရေးနဲ့ ကျန်မာရေး စောင့်ရှောက်မှုတွေအတွက် အမျိုးသမီးတွေက လုပ်ငန်းခွင်ကနေ ကျောခိုင်းကြရတော့မှာ ဖြစ်ပါတယ်။

တစ်ဖက်မှာ စီးပွားရေး ကျဆင်းမှု အကျပ်အတည်းနဲ့အတူး အခြေခံ ကုန်စည်စျေးနှုန်းတွေလည်း တက်လာခဲ့ပါတယ်။ ဇန်နဝါရီလကတည်းက လက်လီစျေးကွက်မှာ တစ်ဖြေးဖြေးနဲ့ ဆန်စျေးနှုန်းက တက်လာခဲ့ရာ မတ်လအထိ ဆိုရင် ယေဘုယျအားဖြင့် ၂လအတွင်း ၅ ရာခိုင်နှုန်းခန့်တက်လာခဲ့ပါတယ်။ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာ ပိုမို ဆိုးဝါးပါသေးတယ်။ ကချင်ပြည်နယ်မှာဆို လက်လီစျေးကွက်ရဲ့ ဆန်စျေးနှုန်းက မတ်လအထိ ၁၁ ရာခိုင်နှုန်းအထိတက်ခဲ့တယ်။ ချင်းပြည်နယ်မှာဆို ၈ ရာခိုင်နှုန်းနဲ့ ရခိုင်ပြည်နယ်မှာလည်း ၇ ရာခိုင်နှုန်းထိ တက်ခဲ့ပါတယ်။ လက်လီစျေးကွက်မှာရှိတဲ့ စားသုံးဆီစျေးနှုန်းမှာလည်း ယေဘုယျအားဖြင့် ဖေဖော်ဝါရီနဲ့ မတ်လအတွင်း ၉ ရာခိုင်နှုန်းထိ တက်လျက်ရှိပါတယ်။ ဒေသတစ်ခုချင်းလိုက်ပြောမယ်ဆိုရင်တော့ အချို့ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမယ် လက်လီစျေးကွက်ရှိ စားသုံးဆီစျေးနှုန်းက အများဆုံး ၃၃ ရာခိုင်နှုန်းထိ တက်ရောက်ခဲ့ပါတယ်။ သွားလာရေး ခက်ခဲမှု (ကပ်ရောဂါနဲ့ စစ်ကောင်စီရဲ့ ကန့်သတ်မှုများကြောင့်)၊ အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးမှု စတာတွေက ဝင်ငွေနည်းအိမ်ထောင်စုတွေအနေနဲ့ ဆင်ရဲမှုထောင်ချောက်ထဲကို အလွယ်တကူ လျောကျသက်ဆင်း သွားစေနိုင်ပါတယ်။ 

ငွေလွှဲပေးပို့မှု (Remittance) ကို မှီခိုနေရတဲ့ အိမ်ထောင်စုများလည်း ကပ်ဆိုက်မှုကို သူတို့လည်း ခံရပါလိမ့်မယ်။ ဘဏ်လုပ်ငန်းတွေ ရပ်တန့်လုနီးပါး ဖြစ်သွားတာ၊ စက်ရုံလုပ်ငန်းတွေ ပိတ်သိမ်းသွားတာတွေကြောင့် တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုမျဉ်းအောက်မှာ ရှိတဲ့ လူဦးရေ ၂.၂ သန်း ဟာ ငွေလွှဲမှုကို လက်ခံပြီး စားဝတ်နေရေးအတွက် မှီခိုနေကြရတဲ့သူတွေ ဖြစ်ပါတယ်။ ထိုသူများအနေနဲ့ ဘဏ်တွေ အဆင်မပြေတော့လို့ ငွေလွှဲလက်ခံမှု မရတော့ဘူးဆိုရင် မှီခိုနေတဲ့ အိမ်ထောင်စုဝင်တွေရဲ့ စားနပ်ရိက္ခာ လုံခြုံမှု ပြဿနာရှိနေကြပါတယ်။ 

လူသာအရင်းမြစ်ဖွံ့ဖြိုးတိုးတက်မှု

စာသင်ကျောင်းတွေ ကပ်ရောဂါကာလထဲက ပိတ်ထားလိုက်ပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း စာသင်ကျောင်းတွေကို မေလမှာ ပြန်ဖွင့်ဖို့ စစ် အာဏာရှင်တွေက ကြိုးစားကြတယ်။ ကျောင်းသားတွေအများစုက ကျောင်းသွားမတက်ကြသလို၊ ဆရာမတွေ အတော်များများကလည်း စစ်အာဏာရှင်အောက် စာသင်ဖို့ ကျောင်းမသွားကြတော့ပါဘူး။ ကျောင်းတွေ ကာလရှည် ပြန်မဖွင့်နိုင်တာ၊ (ပြန်ဖွင့်သော်လည်း ကျောင်းသားနဲ့ ဆရာတွေမရှိတာ) စတာတွေက နောက်မျိုးဆက်တွေရဲ့ လူသားအရင်းဖြစ်ဖွံ့ဖြိုးမှုကို ဒီစစ်အာဏာသိမ်းမှုက ထိခိုက်ပျက်စီးမှုတွေ ဖြစ်စေတာပါဘဲ။ ပညာရေးကိစ္စတင်မက၊ ကျန်မာရေးစောင့်ရှောက်မှုမှာလည်း ထိုနည်း၎င်းပါဘဲ၊ ပြည်သူ့ကျန်မာရေး စနစ် ရပ်တန့်သွားပါတယ်။ ဝင်ငွေနည်း အိမ်ထောင်စုတွေအနေနဲ့ ပြည်သူ့ကျန်မာရေးစနစ်ကို အားထားခဲ့ကြရတာပါ။ ဒါကြောင့် ကျန်မာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဝင်ငွေနည်းအိမ်ထောင်စုတွေ ပိုမိုထိခိုက်ကြရမှာပါ။ ပိုပြီးမြင်သာတဲ့ကိစ္စကတော့ ကိုဗစ်ကာကွယ်ဆေးကိစ္စပဲ ဖြစ်ပါလိမ့်မယ်။ ကပ်ရောဂါအခြေအနေသည်လည်း နိုင်ငံအတွင်းမှာ ဘယ်လိုတွေ ဆက်ဖြစ်နေလဲ ဆိုတာ တွက်ချက်လို့မရတောသလို၊ ကပ်ရောဂါထက် ပိုဆိုးတဲ့ စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေက ပိုမိုကြမ်းကြုတ်ကြောင်း အများက လက်ခံထားကြတာပါ။

အလုပ်အကိုင်အခွင့်အလမ်း

ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ တရားမျှတရေးအဖွဲ့တွေ နဲ့ အဲဒီဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ သူတွေ အရင် အမှောင်ခတ်ကလို ပြန်ရောက်သွားပြီး၊ ပုန်းလျှိုးကွယ်လျှိုး ဒါမှမဟုတ် မြေအောက်ဆန်ဆန် လှုပ်ရှားမှုတွေ ဆက်လုပ်ရပါလိမ့်မယ်။ လုပ်သားအရေအတွက် အများဆုံး အသုံးပြုရတဲ့ အထည်ချုပ်လုပ်ငန်းတွေ၊ စက်မှုဇုန်ထဲက စက်ရုံတွေ ပြန်လည် မလည်ပတ်နိုင်တာနဲ့ အခြား အကြပ်အတည်းတွေကြောင့် အလုပ်သမား များစွာ အလုပ်လက်မဲ့ဖြစ်ပြီး၊ ရေရှည်မှာ ဆင်းရဲ၊ ချမ်းသာ ကွာဟမှုတွေ အရမ်းမြင့်လာမည့် သဘောပါပဲ။ နိုင်ငံတကာအကူအညီတွေ အရမ်းနည်းသွားပါတယ်။ အချို့ ပြည်ပ အလှူရှင်အဖွဲ့တွေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကတော့ ပြည်သူတွေထံ တိုက်ရိုက်ရောက်မယ့် အကူညီမျိုးနဲ့ ဆက်လုပ်နေပါတယ်။ ဥပမာ- World Food Program (WFP) လိုမျိုးပေ့ါ။

စက်ရုံတွေမှာ ထုတ်လုပ်မှုတွေရပ်ဆိုင်းလိုက်လို့ စက်မှုဇုံလုပ်သားတွေ ဇာတိပြန်ကြတယ်၊ အချို့ဆို ဝမ်းစာရေးအတွက် တစ်ခါမှ စျေးမရောင်းဖူးသူတွေက လမ်းပေါ်ထွက်စျေးရောင်းကြရတယ်၊ သို့သော်လည်း စျေးဝယ်သူထက် စျေးရောင်းသူများက ပိုများနေပါတယ်။ မြန်မာနိုင်ငံတွင်းရှိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပြန်ထွက်ကြသလို၊ ထုတ်လုပ်ရေးအခြေပြုလုပ်ငန်းများ မလည်ပတ်နိုင်တဲ့ အတွက် လူအများ၊ အပြား အလုပ်လက်မဲ့ ဖြစ်ကြရပါတယ်။

ယင်းနောက်ဆက်တွဲအဖြစ်၊ ယခင်လို အိမ်နီးချင်းနိုင်ငံတွေကို ရွေ့ပြောင်း အလုပ်သွားလုပ်ကြတော့မလား၊ ယခုကာလကလည်း ကပ်ရောဂါ တတိယလှိုင်းအန္တာရာယ် တွေကလည်းရှိနေတော့ အိမ်နီးချင်းနိုင်ငံတွေကလည်း တရားဝင်လက်ခံပါမလား၊ တရားမဝင်ရွေ့ပြောင်း သွားလာရင်လည်း လူကုန်ကူးမှု အန္တာရာယ်ကလည်း တစ်မျိုးရှိနေတဲ့အတွက် ဘူးလေးရာ ဖရုံဆင့် ကိုယ့်နိုင်ငံသားတွေပဲ ထပ်ပြီး ဒုက္ခအတိဖြစ်နေဦးမယ်။

မတ်လ ၂၀၂၀ခုနှစ် ကပ်ရေားဂါ ပထမလှိုင်းကတည်းက လုပ်ငန်းအတော်များများ ရပ်ဆိုင်းထားခဲ့ကြရပြီး၊ ခရီးသွားလုပ်ငန်းနှင့် သူ့ကို မှီတည်ထားတဲ့ လုပ်ငန်းအတော်များများ ရပ်တန့်သွားခဲ့ပြီးဖြစ်သည်။ ယခင်စစ်အစိုးရလက်ထက်များလို စီးပွားရေးအခွင့်အလမ်းတွေအတွက် အဂတိပေါ်အခြေခံတဲ့ စီးပွားရေး နဲ့ ကုန်သွယ်ရေး ဆောင်ရွက်ချက်တွေ ဒါမှမဟုတ် တရားမဝင် စီးပွားရေး ဆောင်ရွက်ချက်တွေ ထပ်ပေါ်လာအုန်းမလားဆိုတာ ထပ်မံစိုးရိမ်စရာတွေပါ။ မကြာသေးမှီကဘဲ ကချင်ပြည်နယ်၊ ပန်းဝါနဲ့ ချီပွေ မြို့နယ်တွေမှာ ရှားပါးမြေ ရှာဖွေတူးဖော်ကြတဲ့ တရုတ်နိုင်ငံသား လုပ်ငန်းတွေ တရားမဝင်ဘဲ နယ်စပ်ကနေတဆင့် ဝင်ရောက်လာပြီး၊ ရှားပါးမြေတူးဖော်၊ သယ်ယူမှုတွေ စစ်အုပ်စုအာဏာသိမ်းကာလမှာ ပိုများလာတယ်လို့ ဒေသခံတွေက ဆိုကြတယ်။ ယခင် ပြည်သူ့ရွေးကောက်တင်မြောက်တဲ့ အစိုးရလက်ထက်ဆိုရင် သက်ဆိုင်ရာကို တိုင်ကြားလိုက်တာနဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်ကြခဲ့ပြီး၊ ယခုအခြေအနေမှာတော့ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ မရှိတော့ဘူးလို့ ဒေသခံတွေက ဒေသ သတင်းမီဒီ ယာတွေကို ပြေားကြပါတယ်။ ဒါက စစ်အာဏာသိမ်းပြီး ရက်ပေါင်း ၉၀ အတွင်း တရားမဝင်စီးပွား ရေးဆောင်ရွက်ချက်များထဲက တစ်ခုဖြစ်ပါတယ်။

လက်ရှိအကြပ်အတည်းတွေကြောင့် စစ်အုပ်စုအတွက် ဝင်ငွေရလမ်းကြောင်းတွေ အားလုံးနီးပါးရပ်တန့်လုနီးပါး ဖြစ်နေပါပြီ၊ တိုင်ပြည်မှာရှိတဲ့ သဘာဝအရင်းအမြစ်တွေကို အားကိုးပြီး တိုင်းပြည် ဝင်ငွေရှာအုန်းမလားဆိုတာ စဉ်းစားစရာပါ။ ဧပြီလအစောပိုင်းမှာ ကျောက်မြတ်ရတနာပြပွဲဖွင့် ဝင်ငွေရှာဖွေခဲ့တာရှိသလို၊ ရေနံနဲ့ သဘာဝဓာတ်ငွေကနေရောင်းထားတဲ့ သဘောတူ စာချုပ်ကနေ ဝင်ငွေတွေ ဆက်လက် ရရှိနေပါသေးတယ်။ ဒါနဲအတူ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိတဲ့ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ အခြားနိုင်ငံတွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ယခင်လို စစ်အုပ်စုနဲ့ ပေါင်းပြီး ကိုယ်ကျိုးရှာမှာကိုတော့ စိုးရိမ်စရာပါ။

ဆင်းရဲမှု့နဲ့ အတူ နောက်ဆက်တွဲ လူမူရေးနဲ့ တရားဥပေဒေ စိုးမိုးမှုဆိုင်ရာ အကြပ်အတည်တွေ ဆိုက်ရောက်လာမှာပါ။ ဒီမိုကရေစီအရေး လှုပ်ရှားမှုပြီးရင် ပြန်လည်တည်ဆောက်ရမယ့် အပိုင်းတွေကများ သော်လည်း ကာလရှည်အမြစ်တွယ်နေခဲ့တဲ့ ဆင်းရဲမွဲတေမှုနဲ့ အဂတိလိုက်စားမှုပြဿနာတွေကို မည်သို့မည်ပုံ ဖြေရှင်းရမလဲဆိုတာ ပြည့်သူအစိုးရအတွက် များစွာသော အာဂျင်တာတွေထဲက တစ်ခုဖြစ်နေပါတယ်။

နိဂုံး

ဖေဖော်ဝါရီ အာဏာသိမ်းမှုက လူမှုရေး၊ စီးပွားရေး၊ ဖွံ့ဖြိုးမှုနဲ့ နိုင်ငံရေးဆိုင်ရာ အကြပ်အတည်း တွေကို နောက်ဆက်တွဲအနေနဲ့ မြင်တွေ့ရမှာဖြစ်တယ်။ အဲဒါကလည်း အဆိုးသံတရာလိုပါဘဲ။ အာဏာသိမ်းစစ်အုပ်စုက အာဏာကို အခုချက်ချင်း အရပ်သားအစိုးရလက်ထဲ ပြန်ထည့်ရင်တောင် တိုင်ပြည် ပြန်လည်တည်ဆောက်ရေးက လပေါင်းများစွာ၊ နှစ်ပေါင်းများစွာ လုံးပမ်းရပါအုန်းမယ်။

ဒီအချိန်မှာ နိုင်ငံတကာရဲ့ အကူအညီတွေက အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်၊ စစ်အာဏာရှင်အလွန်မှာ စီပွားရေး နလန်ထဖို့၊ အင်စတီကျူးရှင်းတွေ ပြန်လည်သန်စွမ်းဖို့၊ နိုင်ငံတကာကုန်သွယ်မှုတွေ ပြန်လည်အသက်ဝင်ဖို့၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေကို ပြန်လည်ဖိတ်ခေါ်ဖို့ စသဖြင့် ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ရမှာဖြစ်ပါတယ်။ ဒီစစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ ၊ ဒီမိုကရေစီနဲ့ လွတ်လပ်မှုတွေအတွက် ပြည်သူတစ်ယောက်ချင်းက တန်ဖိုးကြီးစွာ လဲလှယ်လိုက်ကြရပါတယ်။ အချို့က ချစ်ရခင်ရသူတွေကို ဆုံးရှုံးလိုက်ရတယ်၊ အချို့က ညှင်းပန်းနှိပ်စက်ခံရတယ်၊ အများစုက အလုပ်လက်မဲ့ဖြစ်သွားပြီး၊ စီးပွားရေးလုပ်ငန်းတွေ ဆုံးရှုံးသွားတယ်၊ ကျောင်းသူ၊ ကျောင်းသားတွေ အတန်းပညာ နောက်ကျခဲ့တယ်၊ ဖမ်းဆီး၊ ညှင်းပန်း၊ သတ်ဖြတ်မှုရဲ့ အန္တရာယ်နဲ့ ကပ်ရောဂါကူးစက်မှုရဲ့ အန္တရာယ်ကြားထဲကနေ ပြည်သူတွေက လွတ်လပ်မှုကို တောင်ဆိုကြတယ်။ တိုင်းရင်းသားဒေသနဲ့ ပဋိပက္ခအသစ်ဖြစ်ပေါ်လာတဲ့ ဒေသတွေမှာ တင်းမာလာတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရသူတွေ တစ်ဖြည်းဖြည်းနဲ့ များလာပါတယ်။ သူတို့လည်း အစားအစာ၊ သောက်သုံးရေနဲ့ ကျန်မာရေးစောင့်ရှောက်မှုမရရင် စစ်ပွဲထဲမှာ တိုက်ရိုက်မပါသော်လည်း အသက်အန္တရာယ် စိုးရိမ်ရပါတယ်။ စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာပြည်သူတွေ ဆက်လက်ပြီး ဆင်းရဲတွင်းနက်နေမှာ ဖြစ်သလို အပေါ်မှာ တင်ပြခဲ့တဲ့ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး ဖြစ်ပေါ်လာတဲ့ လူမှု၊ စီးပွားရေး အကြပ်အတည်းတွေက အချိန်ကြာမြင့်စွာ ရှိနေအုန်းမယ်ဆိုတာ မြင်သာပါတယ်။ အနှစ်ချုပ်ရရင်တော့ စစ်အာဏာသိမ်းတာ နိုင်ငံအတွက် ဘာကောင်းကျိုးမှ ရှိမလားဘူး ဆိုတာပဲ ဖြစ်ပါတယ်။

ရည်ညွန်း

[1] Covid-19 Coup D’etat and Poverty, compounding negative shocks and their impact on human development in Myanmar, April 2021, United Nations Development Program (UNDP)

[2] An analysis of poverty in Myanmar, Trends Between 2004/05 and 2015, Part 01, August 2017, Ministry of Planning and Finance and World Bank Group

[3] WFP to step up operations in response to fast rising hunger in Myanmar, 22 April 2021, World Food Programme. https://www.wfp.org/news/wfp-step-operations-response-fast-rising-hunger-myanmar

[4] Myanmar Market Price Update, March 2021, World Food Programme

[5] Illegal Rare Earth Mines on China Border Multiply Since Myanmar’s Coup, 26 April 2021, The Irrawaddy. https://www.irrawaddy.com/news/burma/illegal-rare-earth-mines-china-border-multiply-since-myanmars-coup.html