ရေးသားသူနှင့် ဘာသာပြန်ဆိုသူ – ဟန်နွယ်ညိမ်း
နိဒန်း
မည်သည့် လူ့အဖွဲ့အစည်းတွင်မဆို ဥပဒေနှင့် စံတန်ဖိုးများသည် ဆက်စပ်လျက်ရှိကြသည်။ ဥပဒေဆိုသည်မှာ လူ့အဖွဲ့အစည်းတစ်ခု၏ စံ၊ ဓလေ့တို့ကို အထောက်အကူပြုရန် ဒီဇိုင်းရေးဆွဲထားသော တရားရေးဆိုင်ရာ ပုံစံတစ်ခုဟု ဆိုနိုင်သည်(Dror, 1957) ။ တစ်နည်းအားဖြင့်ဆိုသော် စံတန်ဖိုးများ၊ ဓလေ့ထုံးထမ်းများနှင့် ရိုးရာအစဉ်အလာများသည် မူဝါဒ ရေးဆွဲခြင်းလုပ်ငန်းစဉ်တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေသည်။ သို့သော် လူ့အဖွဲ့အစည်းက လက်ခံထားသော စံအားလုံးသည် မူဝါဒ သို့မဟုတ် ဥပဒေအဖြစ် ပြောင်းလဲရန် သင့်တော်သည် မဟုတ်ပေ။ ထို့နည်းတူပင် လူ့အဖွဲ့အစည်းက လက်မခံရုံမျှနှင့် လူ့ကျင့်ဝတ်အရ မှားယွင်းပြီး ဥပဒေအဖြစ် မပြောင်းလဲသင့်ဟု ကောက်ချက်ဆွဲ၍ မရပေ။ ဤကိစ္စသည် ထိုလူ့အဖွဲ့အစည်း၏ ရင့်ကျက်မှု၊ ခေတ်မီမှုနှင့် သူတို့၏ စံတန်ဖိုးများ၊ စံများနှင့် ရိုးရာအစဉ်အလာများသည် မည်မျှ ကျိုးေကြာင်း ဆီလျော်နေသနည်း၊ ထိုလူ့အဖွဲ့အစည်း၏ လက်ရှိ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေနှင့် လိုအပ်ချက်များကို မည်မျှအထိ ထင်ဟပ်နိုင်သနည်း ဆိုသည့်အပေါ် မူတည်သည်။ ရင့်ကျက်မှု သို့မဟုတ် ခေတ်မီမှုဆိုသည်မှာ လူမှုရေးအရ ပြောင်းလဲခြင်း သို့မဟုတ် လိုက်လျောညီထွေရှိအောင် ပြင်ဆင်ခြင်း ဖြစ်စဉ်ဖြစ်သည်။ classical modernization သီအိုရီ တွင် ခွဲခြားခြင်းနဲ့ ကျိုးကြောင်းဆီလျော်စေခြင်းကို ၎င်း၏ အဓိက ပြောင်းလဲနိုင်သည့် စံတန်ဖိုးများအဖြစ် တင်ပြထားသည် (Haferkamp & Neil, 1992) ။
ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်မှု သဘောတရား
ဂျာမန် လူမှုဗေဒပညာရှင် Max Weber သည် instrumental (Zweckrationalitat) နှင့် value rationality (Wertrationalitat) အကြောင်းကို ပြောခဲ့သည် (Carrol, 2011)။ ထိုအထဲမှ value rationality ဆိုသည်မှာ စံတန်ဖိုးတစ်ခုကို စိတ်ထဲတွင် လက်ကိုင်ဆွဲပြီး ကိစ္စများကို ဆောင်ရွက်ခြင်း ဖြစ်သည် (Hogen, 2012)။ Weber ၏ အဆိုအရ ကျိုးကြောင်းဆီလျော်စေခြင်း (rationalization) ဆိုသည်မှာ “Entzauberung” ဟု ခေါ်သော “ဘာသာရေး အယူသည်းခြင်း နှင့် ဒဏ္ဍာရီ ယုံတမ်းများမှ ခွဲထွက်ခြင်း” သို့ ဦးတည်သွားနေသည့် ခရီးစဉ် ဖြစ်သည်။ ဤကဲ့သို့ rationalization ဖြစ်စဉ်ကို နယ်ပယ်တိုင်းတွင် တွေ့ရနိုင်သည်။ ဥပမာအားဖြင့် အဖွဲ့အစည်းတစ်ခု၏ အကြီးအကဲ နှင့် ခေါင်းဆောင်များ၏ ပုဂ္ဂိုယ်ရေးအမြင်ဖြင့် တရားစီရင်မှုမှ စနစ်တကျ သတ်မှတ်ထားသော၊ ကျိုးကြောင်းဆီလျော်သော၊ ပုဂ္ဂိုလ်ရေး မဖက်သော တရားစီရင်မှုသို့ ပြောင်းလဲလာခြင်း၊ ဘုရင်များ၏ အကြွင်းမဲ့ အာဏာမှ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆင်ခြင်တုံတရားကို အခြေခံပြီး ထုတ်ပြန်ထားသော ဥပဒေများ ပေါ်ပေါက်လာခြင်းတို့ ဖြစ်သည်။ Weber ၏ rationality အကြောင်း သီအိုရီနှင့် Entzauberung သည် ခေတ်သစ် အနောက်တိုင်း ယဉ်ကျေးမှု ပေါ်ပေါက်တိုးတက်လာခြင်းတွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပေသည်။ Weber အတွက် ခေတ်မီခြင်းဆိုသည်မှာ စံတန်ဖိုးများကို ကျိုးကြောင်းဆီလျော်စေပြီး လက်တွေ့ကျသည့် ရည်ရွက်ချက်ပန်းတိုင်နှင့် အစားထိုးလိုက်သည့် “ယဉ်ကျေးမှုအရ ကျိုးကြောင်းဆီလျော်စေခြင်း” ဖြစ်စဉ်မှ ဖြစ်တည်လာခြင်း ဖြစ်သည် (Gane, 2002)။ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းနှင့် ဆန့်ကျင်လျက်ပင် Entzauberung ကို မျက်ကန်းယုံကြည်မှုထက် သိပ္ပံဆိုင်ရာ အသိအမြင်ကို ပိုတန်ဖိုးထားသည့် ခေတ်မီသော၊ ဘာသာရေးလွှမ်းမိုးမှု မရှိသော လူ့အဖွဲ့အစည်းကို ဖော်ပြရန် သုံးလေ့ရှိသည်။
မြန်မာနိုင်ငံအနေအထား
သို့သော် မြန်မာနိုင်ငံသည် ထိုကဲ့သို့ လူ့အဖွဲ့အစည်းမျိုး မဟုတ်ပေ။ မြန်မာကို ရှေးရိုးဆန်သော နိုင်ငံအဖြစ်၊ ရိုးရာအစဉ်အလာကို အလေးထားသော လူ့အဖွဲ့အစည်းအဖြစ် သိကြသည်။ မြန်မာနိုင်ငံသည် ၁၉၆၂ နှစ်တွင် ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းခဲ့စဉ်မှစ၍ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကျင်းပသည့်အချိန်အထိ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိခဲ့သည် (Bandow, 2016)။ ထိုအတောအတွင်းတွင် မြန်မာ၊ အထူးသဖြင့် စစ်တပ်အရာရှိများတွင် နိုင်ငံခြားသားကြောက်ရောဂါ ရှိခဲ့သည်ဟု လူသိများခဲ့ကြသည် (Report, 2008)။ အဆိုပါ ရာစုနှစ်ဝက်နီးပါးရှိခဲ့သည့် နိုင်ငံခြားသားကြောက်ရောဂါသည် ခေတ်သစ် စံတန်ဖိုးများ ဖြစ်သော ဂလိုလ်ဘယ်လိုက်ဇေးရှင်း၊ အမျိုးအစား ကွဲပြားထွေပြားခြင်း၊ သည်းခံခြင်း (ကွဲပြားမှုကို လက်ခံနိုင်ခြင်း)၊ လူမှုရေးဆိုင်ရာ ပြောင်းလဲခြင်း၊ လူ့အခွင့်အရေး၊ တန်းတူညီမျှမှု နှင့် ပါဝင်ဆောင်ရွက်ခြင်း တို့ကို ငြင်းဆန်ရန် ဖြစ်တည်လာစေသည်။
ထို့အပြင်မြန်မာနိုင်ငံသည် ဘာသာရေးကို အလေးထားသော နိုင်ငံဖြစ်သည်။ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း အရ လူဦးရေ၏ ၈၉% သည် ဗုဒ္ဓဘာသာဝင်များ ဖြစ်ကြသည်။ ဗုဒ္ဓဘာသာသည် ၁၀၄၄ ခုနှစ် ကတည်းက နိုင်ငံတော် ဘာသာဖြစ်ခဲ့သည် (Harvard, 2020)။ မြန်မာအမျိုးသားခေါင်းဆောင် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံ့ရေးရာကိစ္စများတွင် လောကီသီးသန့်ဝါဒကို သဘောတူလက်ခံရန်နှင့် ဗုဒ္ဓဘာသာကို ၁၉၄၇ အခြေခံဥပဒေတွင် ဂုဏ်ထူးဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာအဖြစ် အထူးအခွင့်အရေးပေး ပြဋ္ဌာန်းခြင်းကို ကန့်ကွက်ရန် ကြိုးပမ်းခဲ့သော်လည်း လူအများစု၏ဆန္ဒကို မကျော်လွှားနိုင်ခဲ့ပေ။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာမဟုတ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပုဒ်မ (၃၆၁) အရ နိုင်ငံတော်၏ နိုင်ငံသားအများစု ကိုးကွယ်ရာဖြစ်သော ဂုဏ်ထူးဝိသေသနှင့်ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟူ၍ နိုင်ငံတော်က အသိအမှတ်ပြုထားသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာသည် မြန်မာ့ယဉ်ကျေးမှု၏ အချက်အချာ ဖြစ်ခဲ့သည်။ ထို့ပြင် ဗုဒ္ဓ၏ အဆုံးအမများသည် မြန်မာလူမျိုးများ၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် ပါဝင်ပတ်သက်လာခဲ့သည် (Maung, 1964)။ ဤနည်းဖြင့် ဗုဒ္ဓဘာသာကျင့်ဝတ်စည်းကမ်းများသည် မြန်မာတို့၏ စံတန်ဖိုးများ ဖြစ်လာခဲ့သည်။ အဆိုပါ စံတန်ဖိုးများသည် မြန်မာနိုင်ငံ၏ မူဝါဒရေးဆွဲခြင်း လုပ်ငန်းစဉ်တွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လာသည်။
မြန်မာလူမျိုးများအနေဖြင့် ကိုယ်ဝန်ဖျက်ချခြင်းသည် အသက်တစ်ချောင်းကို နှုတ်ယူခြင်း ဖြစ်သောကြောင့် ဗုဒ္ဓဘာသာ အယူအဆအရ အပြစ်ဖြစ်သည်ဟု ယုံကြည်ကြသည်။ ကိုယ်ဝန်ဖျက်ချခြင်းသည် အင်မတန် ထိရှလွယ်သော ပြဿနာကိစ္စရပ် ဖြစ်သည်။ “ရွေးချယ်နိုင်ခွင့်ကို အားပေးသော” အုပ်စုက ထောက်ခံပြီး “အသက်ရှင်သန်ခွင့်ကို အားပေးသော” အုပ်စုက အသက်နှုတ်ယူခြင်း ဟု ယူဆခံရသော ကိုယ်ဝန်ဖျက်ချခြင်းသည် ဗုဒ္ဓဘာသာ၏ အဓိက ကျင့်ဝတ််ကြီး တစ်ခုကို ချိုးဖောက်သည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓဘာသာအယူအဆအရ သန္ဓေတည်ချိန်မှ စ၍ အသက်ဖြစ်သည်။ ဖော်ပြခဲ့သည့်အတိုင်းပင် ဥပဒေများသည် ထို စံတန်ဖိုးများကို မလွန်ဆန်ပဲ ကိုယ်ဝန်ဖျက်ချခြင်းကို တားမြစ်ထားသည်။ မြန်မာနိုင်ငံ ပြစ်မှုဆိုင်ရာဥပဒေ၏ ပုဒ်မ ၃၁၂၊ ၃၁၃၊ ၃၁၄၊ ၃၁၅ နှင့် ၃၁၆ အရ ကိုယ်ဝန်ဖျက်ချခြင်းသည် တရားမဝင်ဖြစ်၍ မိခင်အသက်ကို ကယ်တင်ရန်အခြေအနေမှ လွဲလျှင် မိခင်အပါအဝင် ကိုယ်ဝန်ပျက်ကျစေရန် ပြုသူမည်သူမဆို ငွေဒဏ် သို့ ထောင်ဒဏ် ၃ နှစ် မှ ၁၀ နှစ်ထိ ကျခံနိုင်သည် (Worrell, 2020)။ ဤဥပဒေများသည် အမျိုးသမီးများကို ကာကွယ်ရန် ပြုလုပ်ထားသည်ဟု ထင်ရသည်။ သို့သော် လက်တွေ့တွင် အဆိုပါ ဥပဒေများက စိတ်ချရပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်ဝန်ဖျက်ချနိုင်ခွင့်အတွက် အတားအဆီးတစ်ခု ဖြစ်နေပေသည်။
အမျိုးသမီးများအတွက် စိတ်ချရပြီး ကျန်းမာရေးနှင့် ညီညွတ်သည့် ကိုယ်ဝန်ဖျက်ချနိုင်ခွင့်ရရှိရန် လိုအပ်ကြောင်း ရှင်းလင်းသည့် အကြောင်းပြချက်များ ရှိသည်။ အထင်ရှားဆုံး Victoria အမှု အပါအဝင် ယခုနှစ်များအတွင်း နိုင်ငံထဲတွင် အဓမ္မကျင့်မှုများ သိသိသာသာ ပေါများလာသည်။ ၂၀၁၆ ခုနှစ်တွင် လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှု ၁၁၀၀ ရှိခဲ့ပြီး ၄၂၉ မှုမှာ အရွယ်ရောက်ပြီးလူကြီးများပေါ်တွင် ကျုးလွန်ခြင်း ဖြစ်၍ ၆၇၁ မှုမှာ ကလေးသူငယ်များအပေါ်တွင် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်တွင် အမှုပေါင်း ၃၀၅ မှု ပိုတိုးလာခဲ့သည်။ ပြည်ထဲရေးဝန်ကြီးဌာနမှ လိင်ပိုင်းဆိုင်ရာ ကျုးလွန်မှုနှင့် ပတ်သက်သော အစီရင်ခံစာတစ်စောင်တွင် ၂၀၁၇ ခုနှစ်တွင် အဓမ္မပြုကျင့်မှု ၁၄၀၅ မှု ရှိခဲ့ပြီး အရွယ်ရောက် အမျိုးသမီး ကောင်းနှင့် ကလေးသူငယ် ၈၉၇ ဦးရှိခဲ့ကြောင်း ဆိုခဲ့သည်။ သို့သော် ပြည်ထဲရေးဝန်ကြီးဌာန အစီရင်ခံစာက ဤကဲ့သို့ တိုးပွားလာသော အဓမ္မမှုများအတွက် အမျိုးသမီးများအနေဖြင့် အန္တရာယ်ကို မဖိတ်ခေါ်ရန် သင့်တင်လျောက်ပတ်သော အဝတ်များ ဝတ်ဆင်ရန်သာ တိုက်တွန်းခဲ့သည် (Win, 2018)။ ထို့အပြင် မြန်မာနိုင်ငံတွင် ထိရောက်သော လိင်ပညာရေး မရှိပေ။ သီအိုရီအရပြောရလျှင် ကျောင်းများတွင် လိင်ပိုင်းဆိုင်ရာ အသိပညာပေးမှုများ ရှိသော်လည်း ဆရာဆရာမ အများစုသည် စာသင်ခန်းထဲတွင် ထိုခေါင်းစဉ်အား ဆွေးနွေးရန် ရှက်ရွံသောကြောင့် ကျော်ပစ်လေ့ရှိကြသည် (The Economist, 2018)။ စာသင်ခန်းအပြင်ဘက်တွင်လည်း မိဘ မှ သားသမီး လိင်ပညာပေးခြင်းကို ရှက်ရွံ့စရာအဖြစ် ယူဆကြ သောကြောင့် မထိရောက်ဘဲ ရှိနေသည် (Wa, 2019)။ အခြားတစ်ဖက်တွင်လည်း မြန်မာနိုင်ငံသည် ဆင်းရဲသော နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများထဲမှ ထွက်လိမ့်မည်ဟု United Nations Development Programme ၏ စီးပွားရေး အကြံပေး Thomas Kring က ခန့်မှန်းခဲ့သော်လည်း လက်ရှိတွင် ဖွံ့ဖြိုးမှု အနည်းဆုံး နိုင်ငံများထဲမှ တစ်ခုဖြစ်ဆဲပင်။ ယူဖို့အစီအစဉ်မရှိသော၊ မလိုချင်သော ပဋိသန္ဓေများက မြန်မာနိုင်ငံရှိ အမျိုးသမီးများအတွက် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်စေသည်။ တိုးများလာသော မုဒိမ်းမှုများနှင့် ထိုမှတဆင့် ရလာသည့် အလိုမရှိသော ပဋိသန္ဓေဆောင်ရမှုများ၊ လိင်ပညာပေး အားနည်းမှု၏ အကျိုးဆက်အဖြစ် အကာအကွယ်မဲ့ လိင်ဆက်ဆံမှုများနှင့် ကလေးတစ်ယောက်အား ပြုစုပျိုးထောာင်ရန် စီးပွားရေးအရ မတတ်နိုင်ခြင်း တို့ကြောင့် အမျိုးသမီးအများစုသည် တရားမဝင်သော်လည်း ကိုယ်ဝန်ဖျက်ချဖို့ကိုသာ ရွေးချယ်လေ့ ရှိကြသည်။ ပျမ်းမျှ ကိုယ်ဝန် ၁၀၀,၀၀၀ တွင် ၂၈၂ သေနှုန်းဖြင့် မြန်မာနိုင်ငံ၏ ကိုယ်ဝန်ဆောင် မိခင်များ သေနှုန်းသည် အရှေ့တောင်အာရှတွင် ဒုတိယအမြင့်ဆုံးဖြစ်ပြီး ဒေသတွင်း ပျှမ်းမျှအရေအတွက်၏ ၂ ဆ ဖြစ်သည်။ ထိုစာရင်းထဲမှ ၁၀% ခန့်သည် ကိုယ်ဝန်ဖျက်ချရန် ကြိုးပမ်းမှုများကြောင့်ဟု သိရပြီး ကျွမ်းကျင်သူများ၏ အဆိုအရ ထိုရာခိုင်နှုန်းမှာ တရားဝင်စာရင်းသာ ဖြစ်ပြီး ပိုးဝင်မှုကြောင့်သေဆုံးမှုများကို သာ သပ်သပ်ရေတွက်သောကြောင့် အမှန်အကန် အရေအတွက်မှာ ဒီထက်ပိုများနိုင်ကြောင်း ပြောသည်။ မျိုးပွားမှု ကျန်းမာရေး NGO တစ်ခုဖြစ်သော Marie Stopes ၏ country director စစ်နိုင်၏ အဆိုအရ စိတ်မချရသော ကိုယ်ဝန်ဖျက်ချမှုကြောင့် သေဆုံးနှုန်းသည် မြန်မာနိုင်ငံရှိ မိခင်သေဆုံးမှု အားလုံး၏ သုံးပုံတစ်ပုံခန့် ရှိသည် (Henshaw, 2017)။
အဆိုပါ ကိစ္စများကို ရှောင်နိုင်ရန်အတွက် အမျိုးသမီးများသည် “ဘုရားပေးသော ကလေးကို လက်ခံရမည်” ဟူသော ကိုယ်ဝန်လွယ်ထားရသည့် မိခင်ထက် မွေးမလာသေးသည့် သန္ဓေသားကို ပိုအလေးပေးထားသည့် ရှေးရိုးစွဲ အယူဝါဒကို ပစ်ပယ်ပြီး၊ ကိုယ်ဝန်ဖျက်ချခြင်းကို အသက်တစ်ချောင်း သတ်လိုက်ခြင်း သို့မဟုတ် ဘာသာရေး အပြစ်တစ်ခုကျုးလွန်ခြင်းဟု မယူဆဘဲ ကျန်းမာရေးရှုထောင့်မှ ကြည့်ပြီး ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုအဖြစ် လက်ခံဖို့ လိုအပ်သည်။ ကိုယ်ဝန်ဖျက်ချခြင်းကို မိခင်၏ ခန္ဓာကိုယ် ကျန်းမာရေးကို စောင့်ရှောက်ရန်၊ မိခင်၏ စိတ်ကျန်းမာရေးကို စောင့်ရှောက်ရန်၊ မုဒိမ်းပြုကျင့်ခံရခြင်း သို့မဟုတ် လိင်ပိုင်းဆိုင်ရာ ထိခိုက်ခံရသော အခြေအနေ၊ သွေးသားတော်စပ်နေသော အခြေအနေ၊ စီးပွားရေးနှင့် လူမှုရေးအကြောင်းများ သို့မဟုတ် မိခင်၏ တောင်းဆိုချက် စသော အခြေအနေများကို လိုက်၍ ခွင့်ပြုပေးသင့်သည် (Berer, 2017)။
လူကြိုက်များသည့် လူထုသဘောထားခံယူချက်နှင့် ဆန့်ကျင်နေလျှင် အစိုးရက ဘာမှဝင်ရောက်ဆောင်ရွက်မပေးသည့် နောက်ထပ်ဥပမာတစ်ခုမှာ LGBTQ ကိစ္စဖြစ်သည်။ ၁၈၆၁ ခုနှစ် ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၇၇ အရ လိင်တူ ကာမဆက်ဆံခြင်းသည် တရားမဝင်ဖြစ်ပြီး ထောင်ဒဏ် နှစ် ၂၀ သို့မဟုတ် ငွေဒဏ်နှင့် ၁၀ နှစ်ထိ သက်တမ်းတိုးနိုင်သော ထောင်ဒဏ် ကျခံရနိုင်သည်။ ဤ ဥပဒေကို တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းလိုက်နာခြင်းမရှိသော်လည်း ၎င်း၏ တည်ရှိမှုသည် LGBTQ အပေါ် သဘောထားကို အနည်းနှင့်အများ သက်ရောက်မှုရှိသည် (Ni, 2020)။ မကြာခဏ အသုံးပြုသော ဥပဒေမှာ ရဲဥပဒေ၏ အပိုဒ် ၃၅(ဂ)တွင် ပြဌာန်းထားသော “အာရုံတက်ချိန်၊ နေဝင်ချိန်တွင် မျက်နှာကို ကာထားပြီး သို့မဟုတ် ရုပ်ဖျက်ထားပြီး စိတ်ကျေနပ်စရာဖြေရှင်းချက် မပေးနိုင်သူ မည်သူကိုမဆို ရဲဝန်ထမ်းမှ ဝရမ်းမပါပဲ ထိန်းသိမ်းခွင့်ရှိပြီး ၃ လထိထောင်ဒဏ် ကျခံနိုင်သည်”ဟူသော ဥပဒေဖြစ်သည် (The Police Act, 1945)။ ဤဥပဒေသည် လိင်ပြောင်းလဲထားသူ သို့မဟုတ် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ဝတ်စားခြင်းကို သဘောကျနှစ်သက်သူအားလုံးကို အယောင်ဆောင်ရုပ်ဖျက်သည်ဟူ၍ ပစ်မှတ်ထားနိုင်ရန် ရဲဝန်ထမ်းများအား အခွင့်အာဏာပေးထားသည်။ Equality Myanmar မှ လူ့အခွင့်အရေး ပညာပေးခြင်းနှင့် မြှင့်တင်ခြင်း အစီအစဉ်၏ ဒါရိုက်တာ ဦးအောင်မျိုးမင်း က “လွှတ်တော်အမတ်များက LGBTQ အခွင့်အရေးကို အလေးထားသည်ဟု ပြောသော်လည်း လက်တွေ့တွင် ဒီအတွက် ဘာမှဆောင်ရွက်ခြင်းမရှိ” ဟု ပြောသည် (VOA, 2019)။ ဤကိစ္စသည် လူထုသဘာထားနှင့် အများကြီး သက်ဆိုင်နေပေသည်။ LGBTQ အခွင့်အရေးနှင့် ပတ်သက်သော မူဝါဒများ ပေါ်မလာရခြင်းမှာ လူ့အဖွဲ့အစည်းကိုယ်တိုင်က လက်မခံသောကြောင့်ဖြစ်သည်။ ဗုဒ္ဓဘာသာ ထွန်းကားသော မြန်မာနိုင်ငံတွင် LGBTQ များသည် အတိတ်ဘဝက မကောင်းမှုတစ်ခုခုပြုလုပ်ခဲ့ကြပြီး သူတို့၏ လိင်စိတ်တိမ်းညွတ်မှုသည် ထိုအပြစ်များအတွက် အပြစ်ပေးဆပ်ရခြင်းဖြစ်သည်ဟု ယုံကြည်ကြသည် (Me, 2018)။ လူသိများသော အယူအဆတစ်ခုမှာ gay များသည် အတိတ်ဘဝက မုဒိမ်းမှုကျူးလွန်ခဲ့ကြသူများ ဖြစ်သည်ဆိုသော အမြင်ဖြစ်သည်။ ထို့အတွက် လိင်တူနှစ်သက်ခြင်းသည် ပုံမှန်မဟုတ်ပဲ အတိတ်ဘဝက မကောင်းမှုအတွက် ပေးဆပ်ရခြင်းဟု အမြင်ခံရသည့် အခြေအနေတွင် ရွေးကောက်ခံအစိုးရအနေဖြင့် လူအများစုသည် မဲအများစုကို ရည်ညွှန်းသည့်အတွက် လူအများ၏ အမြင်ကို ဆန့်ကျင်မည့်အစား လူနည်းစုအခွင့်အရေးကို လျစ်လျူရှုလိုက်ဖို့က ဖြစ်နိုင်ချေပိုများသည်။ ဥပမာအားဖြင့် ဤကိစ္စနှင့် ပတ်သက်၍ နိုင်ငံရေးပါတီတစ်ခုက “LGBTQ များ၏ အခွင့်အရေးများကို အတတ်နိုင်ဆုံး ကာကွယ်ပေးသွားမည်ဖြစ်သော်လည်း လူထုကမှ သူတို့၏ လိင်စိတ်တိမ်းညွတ်မှုကို လက်မခံလျှင် ပါတီအနေဖြင့် လုပ်ပေးနိုင်တာ သိပ်မရှိ” ဟု ပြောသည်။ ပုဒ်မ ၃၇၇ ကို ဖျက်သိမ်းရန် သို့မဟုတ် ပြင်ဆင်ရန် ကိစ္စနှင့်ပတ်သက်၍ ဘာမှ မပြောခဲ့ပေ။ လက်ရှိမြန်မာနိုင်ငံတွင် ထိုကိစ္စကို အထူးအာရုံစိုက်လောက်ရအောင် LGBTQ များအပေါ် ဆိုးဝါးသော ကျူးလွန်မှုများ ရှိမနေဟုလည်း ပြောခဲ့သည်။ လက်တွေ့တွင် ကိစ္စတစ်ချို့ ရှိခဲ့သည်။ ဥပမာ ၂၀၁၉ ဇွန်လတွင် လိင်တူနှစ်သက်သူ စာကြည်တိုက်မှုးတစ်ယောက်သည် လိင်တူနှစ်သက်သူများအား မုန်းတီးသည့် လုပ်ဖက်ကိုင်ဖက်များက သူ့အား လှောင်ပြောင်ထားသည့် မှတ်ချက် ဓာတ်ပုံများနှင့် လိင်တူနှစ်သက် သူဖြစ်ကြောင်း အတင်းဝန်ခံခိုင်းခဲ့သည့် အကြောင်းကို Facebook ပေါ်တွင် တင်ခဲ့ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သည်။ အဆိုပါ post သည် ပျံ့နှံ့သွားပြီး LGBTQ အသိုင်းအဝိုင်းမှ ဤကိစ္စကို စုံစမ်းပေးရန် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) အား တောင်းဆိုခဲ့ကြသည်။ သို့သော် စုံစမ်းမှုရလဒ်သည် “သားကောင်သည် စိတ်ဓာတ်အားနည်းသောကြောင့်” ဟု ထွက်လာပြီး လူအများစုအား စိတ်ပျက်စေခဲ့သည်။ ထိုကိစ္စနှင့် ပတ်သတ်၍ Kings N Queens မှ co-ordinator တင်ကိုကို က MNHRC သည် LGBTQ ကိစ္စနှင့်ပတ်သတ်လျှင် အလေးမထားဟု ပြောသည် (Sone, 2019)။ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် ကိုယ်တိုင်က လူနည်းစုအခွင့်အရေးကို အလေးမထားခြင်းဖြစ်သည်။ မြန်မာ LGBTQ အခွင့်အရေးအဖွဲ့ Equality Myanmar မှ deputy director, Juan Miguel Sanchez Marin က LGBTQ တွေ အလုပ်ခွင်မှာ ခွဲခြားဆက်ဆံခံရခြင်းက ပုံမှန်ကိစ္စဖြစ်နေပြီ ဟု ဆိုသည် (Yi, 2019)။
တစ်ဖက်တွင်လည်း မီဒီယာက LGBTQ များအပေါ် သိသိသာသာဖြစ်စေ မသိမသာ ဖြစ်စေ ခွဲခြားဆက်ဆံနေသည်ကို တွေ့ရသည်။ မီဒီယာသည် လူဦးရေ အချိုးအစားတော်တော်များများ၏ အပြုအမူ၊ သဘောထား၊ ခံယူချက်များကို လွှမ်းမိုးနိုင်သည်ဟု ပြောလေ့ရှိကြသည် (Jodrell, 2015)။ ထို့ကြောင့် မီဒီယာသည် အတွေးအခေါ်သစ်များ၊ နည်းလမ်းသစ်များ၊ အပြုအမူသစ်များအတွက် အဆင်ပြေ ချောမွေ့စေသော အနေအထား သို့မဟုတ် ပိုမိုခက်ခဲစေသော အခြေအနေများကို ဖန်တီးပေးနိုင်သည်။ ဥပမာ LGBTQ ကိစ္စမျိုး ဖြစ်သည်။ စိတ်မကောင်းစရာကောင်းသည်မှာ မြန်မာ့ရုပ်ရှင်လုပ်ငန်းသည် LGBTQ များကို လှောင်ပြောင်ခြင်း၊ အရှက်ခွဲခြင်းနှင့် သူတို့နှင့်ပတ်သက်ပြီး မှားယွင်းသော သတင်းအချက်အလက်များ ပေးခြင်းတို့တွင် ရှေ့ဆုံးမှ ဦးဆောင်လျက်ရှိသည်။ မြန်မာ့ရုပ်ရှင်များတွင် LGBTQ ဇာတ်ကောင်များကို အလှောင်ခံရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ထည့်သွင်းကာ လူပျက်များအဖြစ် ဖော်ပြလေ့ရှိသည်။ တစ်ရံတစ်ခါ လိင်တူနှစ်သက်ခြင်းကို ရောဂါတစ်ခုအနေဖြင့် ဖော်ပြသည်များလည်း ရှိသည်။ gay ဇာတ်ကောင်တစ်ယောက်သည် “ပျောက်ကင်းသွားပြီး” ဆန့်ကျင်ဘက်လိင်နှစ်သက်သူတစ်ယောက်အဖြစ် ပြန်ပြောင်းသွားသည့် ရုပ်ရှင်ရှိခဲ့သည်။ တည်းဖြတ်အဖွဲ့ကလည်း ဤကဲ့သို့ ခွဲခြားဆက်ဆံခြင်းကို မသိကျိုးကျွန်ပြုထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ, LGBTQ အခွင့်အရေးအဖွဲ့ Equality Myanmar မှ ဦးအောင်မျိုးမင်း၏ အဆိုအရ မြန်မာရုပ်ရှင်များသည် LGBTQ များအား လူထုက အနိုင်ကျင့်ရန် လှောင်ပြောင်ရန် အားပေးနေသည် (Baker, 2017)။ ထို့အပြင် မြန်မာ့ရုပ်ရှင်လောကသည် မကြာသေးခင်ကမှ ရုပ်ရှင်များအတွက် အသက်ကန့်သတ်ချက်ထည့်သွင်းသော စနစ်ကို စတင်အသုံးပြုခဲ့ခြင်းဖြစ်ပြီး ကလေးများသည် ထိုကဲ့သို့ ခွဲခြားဆက်ဆံသော ရုပ်ရှင်များကို မြင်တွေ့ခွင့်ရခဲ့ပြီး ထိုရုပ်ရှင်များက LGBTQ အပေါ် ကလေးများ မြင်သော အမြင်ကို သက်ရောက်မှုရှိနေသည်။ သို့သော် သမားရိုးကျ LGBTQ ဇာတ်ကောင်များကို ဖောက်ထွက်ထားသည့် “The Gemini ” ဆိုသော ရုပ်ရှင်တစ်ကား ရှိခဲ့သည် (Ye, 2018) ။
အကျဉ်းချုပ်ရလျှင် မူဝါဒတစ်ခုသည် လူထုအတွက် အကျိုးရှိနေပါစေ၊ လူ့အခွင့်အရေးရှုထောင့်အရ မှန်ကန်နေပါစေ လူအများစုက လက်မခံလျှင် အစိုးရက ထိုကိစ္စကို ဆောင်ရွက်ရန် အစီအစဉ်မရှိပေ။ မြန်မာနိုင်ငံကဲ့သို့ ကျိုးကြောင်းဆီလျော်မှန်ကန်မှု အားနည်းသော နိုင်ငံမျိုးတွင် ဤဖြစ်စဉ်သည် အန္တရာယ်ရှိနိုင်သည်။ ထို့အပြင် အစိုးရက အချို့သော လူမှုဗေဒဆိုင်ရာ စံတန်ဖိုးများကို မြှင့်တင်ရန်ကြိုးပမ်းလျှင်ပင် ဘာသာရေးအဖွဲ့အစည်းများက အင်အားကြီးနေသော၊ ရိုးရာထုံးတမ်းများကို အလေးပေးသော နေရာများတွင် ဤကိစ္စသည် ထိုလူ့အဖွဲ့အစည်း၏ ပူးပေါင်းဆောင်ရွက်မှု မပါဝင်ဘဲ မဖြစ်နိုင်ပေ (Gavison, 2013)။ ထို့ကြောင့် လူ့အဖွဲ့အစည်းတစ်ခု၏ စံတန်ဖိုးများသည် အစိုးရ၏ မူဝါဒများနှင့် ဥပဒေများ ရေးဆွဲခြင်းတွင် အရေးပါသောကြောင့် ထိုလူ့အဖွဲ့အစည်း၏ ကျိုးကြောင်းသင့်စွာ ဆင်ခြင်နိုင်ခြင်းသည် အင်မတန်အရေးကြီးပြီး စံတန်ဖိုးများကို ဘာသာရေးမစွက်သော နည်းလမ်းဖြင့် ပြန်လည်ချဉ်းကပ်ရန် လိုအပ်သည်။
ရည်ညွှန်းကိုးကားချက်
photo credit : www.
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ဤဆောင်းပါးပါ ဖော်ပြရေးသားချက်၊ တွေ့ရှိချက်၊ လေ့လာဆန်းစစ်ချက်နှင့် သုံးသပ်ချက်များသည် စာရေးသူ၏ အတွေးအမြင်ပေါ်တွင်သာဖြစ်ပြီး အင်းလျားဘောဂဗေဒ၊ အင်းလျားဘောဂဗေဒ၏ ဒါရိုက်တာဘုတ်အဖွဲ့၊ ရုံးအဖွဲ့ဝင်များနှင့် အင်းလျားဘောဂဗေဒ မိတ်ဖွဲ့ အဖွဲ့အစည်းများတို့၏ အမြင်များကို ကိုယ်စားမပြုပေ။