မစဲသေးသော နိုင်ငံရေးမုန်တိုင်းတွင်းမှ ကြံ့ကြံ့ခံနေကြဆဲ ဟင်္သာပျိုများ
Zin Mon Aye
December, 2024
နိဒါန်း
မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်များကို ပြန်လည်ကြည့်ရှုမည်ဆိုပါက စာမျက်နှာတစ်ခုစီတိုင်းသည် လူငယ်တို့၏ သွေး၊ ချွေးများနှင့် တည်ဆောက်ထားခဲ့၊ ထားဆဲဖြစ်သည်ကို သိသာထင်ရှားစွာ မြင်တွေ့နိုင်သည်။ အာဏာရှင်ဟူသမျှ တော်လှန်ခြင်းသည် လူငယ်များ၏ မွေးရာပါ သန္နိဋ္ဌာန်တစ်ခုကဲ့သို့ဖြစ်လေရာ မြန်မာ့လူငယ်များမှာ ပြည်တွင်း၊ ပြည်ပ အာဏာရှင်ဟူသမျှကို ခေတ်အဆက်ဆက် တော်လှန်နေဆဲလည်းဖြစ်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ချိန်တွင်လည်း လူငယ်တို့သည် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသခြင်း၊ အာဏာသိမ်းအစိုးရ၏ လုပ်ငန်းယန္တယားထဲတွင် ပါဝင်ရန် ငြင်းဆန်ခြင်း ၊ လူမှုကွန်ယက်စာမျက်နှာများမှ တဆင့် ဖိနှိပ်ခံရမှုများကို ကမ္ဘာသို့တိုင် သိရှိအောင် ဆောင်ရွက်ခြင်း နည်းလမ်းများဖြင့် အပြုသဘောဆောင်သော အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုများတွင် ဦးဆောင်ပါဝင် လှုပ်ရှားခဲ့ကြသည်။ အာဏာသိမ်းတပ်မှ ဖိနှိပ်၊ ရက်စက်၊ သတ်ဖြတ်လာသည့်အခါတွင်လည်း မိမိတို့၏ နိုင်ငံရေးယုံကြည်မှုကို အယိမ်းအယိုင်မခံ၊ အလျော့ပေးခြင်း အလျဉ်းကင်းမဲ့လျက် လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်မှာလည်း ယခုဆိုလျှင်ပင် တော်လှန်သက်တမ်း (၄) နှစ်နီးပါးသို့ ရောက်ရှိလာပြီဖြစ်သည်။ လွတ်လပ်မျှတသော စနစ်အပြောင်းအလဲတစ်ခုကို ဆာလောင်နေသော လူငယ် ( Gen Z) များကြောင့်ပင် ယခု (၂၀၂၁) ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ခဲ့သော မြန်မာ့နွေဦးတော်လှန်ရေးသည် အဆုံးသတ်တိုက်ပွဲဖြစ်သည်ဟု မှတ်ကျောက်အတင်ခံရခြင်းဖြစ်သည်ဟု ယူဆလိုပါသည်။ ဤတွင် မြန်မာ့နိုင်ငံတွင်း ဒေသအသီးသီးမှ လူတန်းစားအလွှာအမျိုးမျိုး ပါဝင်ပတ်သက်နေသည့် တော်လှန်ရေးခရီးတွင် မြန်မာပြည် တောင်ပိုင်းဒေသမှ မွန်လူငယ်များအနေဖြင့် နိုင်ငံရေး မြစ်ရေစီးကြောင်းထဲ မည်သို့မည်ပုံ ဆန်တက်၊ မျှောပါ ကူးခတ်နေကြသည်ကို လေ့လာတင်ပြသွားမည်ဖြစ်သည်။
ပေါင်းစည်းညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ရှေုးရှုခဲ့ကြ
မွန်အမျိုးသားများသည် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တောင်းဆို တိုက်ပွဲဝင်ခဲ့ကြသည်မှာ မြန်မာ့လွတ်လပ်ရေးအကြိုခေတ် ကာလများကတည်းကပင် ဖြစ်သည်။ မွန်နိုင်ငံရေး တည်ဆောက်မှုဖြစ်စဉ်တွင် လက်နက်ကိုင်အဖွဲ့အစည်း၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်းနှင့် သံဃာထုတို့မှ အဓိကပုံဖော်ရေးဆွဲနေကြသည်ဟု သုံးသပ်ကြသည်။ ထိုတွင် လူငယ်အများစုသည် နိုင်ငံရေး၌ တိုက်ရိုက်ပါဝင်နိုင်ရန် အခင်းအကျင်း အကန့်အသတ် ဖြစ်သည့်အခါ အရပ်ဘက်အဖွဲ့အစည်းများမှတဆင့် နိုင်ငံရေး၊ အမျိုးသားရေးတာဝန်များကို ထမ်းဆောင်နိုင်ရန် ချဉ်းကပ်ခဲ့ကြရသည်။ ထိုမှတစ်ဆင့် မွန်လူငယ်များအကြား စုဖွဲ့မှု ပိုမို အားကောင်းလာပြီး အဖွဲ့အစည်းများအဖြစ်သို့ ပြောင်းလဲလာကြသည်။
၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သော တိုးတက်သော မွန်လူငယ်များ အစည်းအရုံး (Mon Youth Progressive Organization) နှင့် ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော မွန်လူငယ်ပညာပေးအဖွဲ့(Mon Youth Educator Organization) တို့သည် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော အခန်းကဏ္ဍများမှ ပါဝင်လာကြသည်။ အထူးသဖြင့် ၂၀၁၀ ခုနှစ် နောက်ပိုင်းကာလတွင် မွန်လူငယ်များ၏ စုဖွဲ့လှုပ်ရှားမှုများမှာ ပိုမိုအားကောင်းလာသည်။ မွန်လူငယ်ကွန်ယက်တစ်ခုဖြစ်လာစေရန်၊ နယ်ပယ်အသီးသီးရှိ လူငယ်များ၏ အတားအဆီး၊ ပြဿနာများနှင့် အနာဂတ်စိန်ခေါ်မှုများကို သိရှိဖော်ထုတ်နိုင်ရန်နှင့် တစ်နိုင်ငံလုံးဆိုင်ရာအဆင့် လူငယ်ဖိုရမ်တက်ရောက်ကြမည့် လူငယ်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားရန်ဟူသည့် မျှော်မှန်းချက်တို့ဖြင့် ၂၀၁၂ ခုနှစ် နိုဝင်ဘာလကုန်တွင် မွန်လူငယ်များဖိုရမ်ကို ကျင်းပခဲ့သည်။ ထို့အပြင် မွန်လူမျိုးများ၏ အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသောခေါင်းဆောင်များကို ဂါရဝပြုရန်နှင့် မွန်လူငယ်အချင်းချင်းအကြား အပြန်အလှန် ချစ်ခင်ရင်းနှီးမှုများ တိုးပွားလာစေရန် ရည်ရွယ်၍ နှစ်စဉ် ဒီဇင်ဘာလ (၂၈)ရက်နေ့အား “မွန်လူငယ်များနေ့”အဖြစ် သတ်မှတ်ပြုလုပ်ကျင်းပခဲ့သည်မှာလည်း ၂၀၁၂ ခုနှစ် ကတည်းကပင် ဖြစ်သည်။ ၂၀၁၄ ခုနှစ် မေလတွင် ပထမအကြိမ် မွန်လူငယ် ညီလာခံကို ကျင်းပခဲ့ပြီး မွန်လူငယ်ဆုံရပ် (Mon Youth Forum) ကိုဖွဲ့စည်းခဲ့ကြသည်။ MYF သည် မွန်လူငယ်ထုအတွက် စင်မြင့်တစ်ခုဖြစ်ကာ လူငယ်အရေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆုံးဖြတ်ပေးနိုင်သည့်အဆင့်ရှိသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
ထို့အပြင် လူငယ်တို့သည် မွန်အမျိုးသားများ စည်းလုံးညီညွတ်ရေးနှင့် မွန်တစ်မျိုးသားလုံးအား ကိုယ်စားပြုသည့် နိုင်ငံရေးပါတီတစ်ခု ပေါ်ပေါက်လာရေးအတွက်လည်း ကြိုးပမ်းမှုတွင်လည်း ပါဝင်ခဲ့ကြပြန်သည်။ ၂၀၁၈ ခုနှစ်တွင် မွန်အမျိုးသားပါတီ (Mon National Party – MNP)နှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (All Mon Region Democracy Party – AMDP)တို့ တစ်ပါတီအဖြစ် ပေါင်းစည်းရေး သဘောတူညီမှု ရရှိခဲ့ကြသည်။ ထိုပေါင်းစည်းမှုမှတစ်ဆင့် မွန်ညီညွတ်ရေးပါတီ (Mon Unity Party – MUP) ပေါ်ပေါက်လာသည့် အခါတွင် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပိုမိုအားသာသည့် မွန်လူငယ်များမှာ နိုင်ငံရေးတွင်လည်း စိတ်ပါဝင်စားမှုမြင့်တက်လာကြသည်။ MUP ပါတီမှ ရွေးကောက်ခံကိုယ်စားလှယ်များတွင် ကိုယ်စားလှယ်လောင်း ၆၇ ဦး ရွေးကောက်ပွဲ ဝင်ပြိုင်ခဲ့ပြီး အသက်အရွယ် (၄၀)အောက် ကိုယ်စားလှယ်လောင်း (၃၄) ရာခိုင်နှုန်းကျော် ပါဝင်ခဲ့သည်။ ထို (၄၃) ရာခိုင်နှုန်းတွင် လူငယ်များ၏ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော စီမံချက်များကို လုပ်ဆောင်ခဲ့သူများလည်း ပါဝင်သည်ကတစ်ကြောင်း၊ မွန်တစ်မျိုးသားလုံးအား ကိုယ်စားပြုသည့်ပါတီဟု ယူဆသည်ကတစ်ကြောင်းတို့ဖြင့် မွန်လူငယ်တို့သည် ယခင် (၂၀၁၀) ၊ (၂၀၁၅) ခုနှစ် အထွေထွေရွေးကောက်ပွဲတို့နှင့် ကွဲပြားစွာ (၂၀၂၀) ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် တတ်စွမ်းသည့်ဘက်မှ အားသွန်ခွန်စိုက် ပါဝင်ကြသည်။ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်များတွင်လည်း မွန်လူငယ်တို့မှာ တစ်တပ်တစ်အား ပါဝင်ခဲ့ကြသည် ။ သို့သော် ထိုကြိုးပမ်းအားထုတ်မှုများသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အခါ တာထွက်ရန် သွေးပူလေ့ကျင့်နေတုန်း ပွဲသိမ်းခရာ မှုတ်ခံလိုက်ရသည့် အဖြစ်သို့ ရောက်ရှိသွားသည်။
နွေဦးတော်လှန်ရေးနှင့် အတူ ပြန်လည်နိုးထလာသည့် ဟင်္သာပျိုများ
တပ်မတော်မှ အာဏာသိမ်းလိုက်သည့်အခါတွင် မွန်လူငယ်များသည်လည်း အခြားတိုင်းနှင့်ပြည်နယ် ဒေသအသီးသီးတို့မှ လူငယ်များနည်းတူ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ အကြမ်းဖက်ဖြိုခွဲမှုကို ရင်ဆိုင် ခဲ့ကြရသည်။ ထိုအချိန်တွင် မွန်တစ်မျိုးသားလုံးအား ကိုယ်စားပြုသည်ဟု အများက ယူဆထားသော၊ လူငယ်များအား နိုင်ငံရေးတွင် စိတ်ပါဝင်စားလာစေရန် အကြောင်းအရင်းတစ်ခု ဖြစ်ခဲ့ပေးသော မွန်ညီညွတ်ရေးပါတီသည် အာဏာသိမ်းအစိုးရ၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီတွင် အဖွဲ့ဝင်နေရာနှင့် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်နေရာ အစရှိသည့် ကမ်းလှမ်းချက်များကို လက်ခံခဲ့သည်။ ထိုအချိန်မှ စတင်၍ အမျိုးသားတန်းတူ အခွင့်အရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရန် ကြိုးပမ်းကြသည်ဖြစ်သော်လည်း အယူအဆ ဝိဝါဒနှင့် နည်းလမ်းများ ကွဲပြားလာသည်။ အာဏာရှင်စနစ်သည် အမြစ်ပြတ် တိုက်ထုတ်ရမည့် အရာဖြစ်သည်ဟုလည်းကောင်း ၊ ဗမာအချင်းချင်းဖြစ်သည့် ပဋိပက္ခအတွင်း ဓားခုတ်ရာ လက်မလျှိုသင့်ဟုလည်းကောင်း စသည်ဖြင့် စဉ်းစားချက်များ ကွဲပြားခဲ့သော်လည်း လူငယ်အများစုမှာ အာဏာရှင်ဆန့်ကျင်ရေး၊ အမြစ်ပြတ်တိုက်ထုတ်ရေးတွင်သာ ပိုမိုစိတ်ပါဝင်စားကြသည်။ မတူညီသည့် အတွေးအမြင်များအကြား လူမှုဘဝဖိစီးမှုများပါ ထပ်မံပေါင်းစပ်လိုက်ရာ စားဝတ်နေရေးအတွက် နိုင်ငံခြားသို့ ပြောင်းရွေ့ထွက်ခွာကြသည့် လူငယ်ပမာဏမှာလည်း မြင့်တက်လာသည်။
အာဏာသိမ်းပြီးစ ကာလများသည် မွန်တော်လှန်လူငယ်များအဖို့ ခက်ခဲသည့် ကာလတစ်ခုဖြစ်ခဲ့သည်။ ၁၉၉၅ ခုနှစ်တွင် န.ဝ.တအစိုးရနှင့် မွန်ပြည်သစ်ပါတီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုပြီးသည့်နောက် ဒေသတွင်း စစ်မက်ဖြစ်ပွားမှု မရှိသလောက် နည်းပါးခဲ့သည်။ လူငယ်များမှာလည်း မိမိတို့ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ မိမိတို့ တစ်ကိုယ်ရည်တိုးတက်မှုများတွင်သာ ပိုမိုအားထုတ်ခဲ့ကြသည်။ အာဏာသိမ်းပြီးနောက် အစပိုင်းတွင် “မွန်လူငယ်များမှာ အာဏာရှင်ကို တော်လှန်ရန်အတွက် မည်သူ့ကို ခေါင်းဆောင်တင်ရမည်မသိတဲ့ ကာလဖြစ်ခဲ့တယ်”ဟု တော်လှန်လူငယ်တစ်ဦးမှ ဆိုသည်။ မွန်လူငယ်အချို့မှာ အာဏာရှင်ကို တော်လှန်၊ အမြစ်ဖြတ်ရန်အတွက် သီးခြားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့များ ဖွဲ့စည်းလာကြသည်။ အချို့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားဝင် လက်ရုံးတပ်မတော်ဖြစ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (People’s Defence Force – PDF) တပ်များဆီ ပူးပေါင်း၍ တော်လှန်ရေးတွင် ပါဝင်ခဲ့ကြသည်။ အချို့မှာ နယ်မြေချင်းထိစပ်နေသည့် ကရင်ပြည်နယ်ဘက်မှ လက်နက်ကိုင်တပ်များနှင့် သွားရောက်ပူးပေါင်းခြင်းများလည်း ရှိလာသည် ။
၂၀၂၁ ခုနှစ် အာဏာသိမ်းဖြစ်စဉ်နှင့်အတူ မွန်ပြည်နယ်တွင် လက်နက်ကိုင်တပ်ဖွဲ့အသစ် (၃၀) ထက်မနည်းပေါ်ပေါက်လာခဲ့သည်။ မွန်ပြည်တော်လှန်ရေးတပ် (Mon State Revolutionary Force – MSRF)၊ မွန်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (Mon State Defense Force – MSDF) ၊ မွန်ပြည်လွတ်မြောက်ရေးတပ် (Mon Liberation Army – MLA) စသည်တို့ ပေါ်ပေါက်လာခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ (၁၄)ရက်နေ့တွင် အမျိုးသားတန်းတူအခွင့်အရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးအတွက် တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို အယုံအကြည်မရှိတော့သော မွန်ပြည်သစ်ပါတီမှ ခေါင်းဆောင်တစ်ချို့မှာ ခွဲထွက်ပြီး မွန်ပြည်သစ်ပါတီ အာဏာရှင်တိုက်ဖျက်ရေး (New Mon State Party (Anti-military Dictatorship) – (NMSP – AD) ပေါ်ပေါက်လာသည်။ NMSP – AD သည် အာဏာရှင်အမြစ်ပြတ်တိုက်ထုတ်ရေးကို ပိုအားသန်သော လူငယ်များ၏ အားထားရာနေရာလည်း ဖြစ်လာသည်။ စစ်ကောင်စီတပ်မှ ဖေဖော်ဝါရီလ၊ ၂၀၂၄ခုနှစ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဋ္ဌာန်းအကောင်အထည်ဖော်ခြင်း၊ မတ်လ ၊ ၂၀၂၄ခုနှစ်တွင် ဂျိုင်းမြစ်ဝန်းဒေသမှ ဓမ္မသကျေးရွာ မီးလောင်တိုက်သွင်းခံရခြင်းတို့သည် တော်လှန်ရေးခရီးအတွက် မီးစာများဖြစ်လာခဲ့သည်။ ထိုင်းနိုင်ငံရောက်လူငယ်များကပင် နယ်စပ်သို့ပြန်လာ၍ အခြေခံစစ်သင်တန်း တက်ရောက်ခြင်းများ ရှိသည်ဟုလည်း မေးမြန်း သိရသည်။
နွေဦးတော်လှန်ရေးတွင် ဖော်ထုတ်ပြသလျက်ရှိကြသော စွမ်းဆောင်ရည်များကြောင့် ယခင်က နိုင်ငံရေးအခင်းအကျင်းတွင် နေရာပျောက်ခဲ့ကြသော လူငယ်တို့မှာ အရေးပေးခံလာရသည်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပပြီးစီးခဲ့သော မွန်ပြည်သစ်ပါတီ၊ (၁၁)ကြိမ်မြောက် ညီလာခံတွင် အသက် (၂၅ နှစ် – ၃၅နှစ်)အတွင်းရှိ လူငယ်ခေါင်းဆောင်များအတွက် တိုးချဲ့ဗဟိုကော်မတီဝင်ဆိုသည့် နေရာအား ဖန်တီးပေးခဲ့ကြသည့်အပြင် လူငယ်ရေးရာဌာနကို စတင်ဖွဲ့စည်းကာ လူငယ်များအား စွမ်းဆောင်ရည်မြှင့်တင်ရန် ကြိုးပမ်းမှုများလည်း ရှိသည်။ တစ်ဖက်တွင်လည်း NMSP – AD ဘက်တွင်လည်း မွန်လူငယ်တို့ကို နိုင်ငံရေး၊ စစ်ရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်လာနိုင်စေရန် လေ့ကျင့်ပေးလျက်ရှိသည်။
သို့သော် နိုင်ငံရေးစနစ်ဆိုးတွင် ကျင်လည်ဖူးသည့် ဘိုးဘွားမိဘများမှာ ၎င်းတို့၏ သား၊ မြေးများအား နိုင်ငံရေးတွင် မပါဝင်ရန်သာ တိုက်တွန်းကြသည်။ တော်လှန်ရေးအပေါ် ရှုမြင်ပုံ မတူညီကြသည့် ခေါင်းဆောင်များအကြား နိုင်ငံရေးကို လက်လျော့လာကြသည့် လူငယ်များလည်း ရှိလာသည်။ ပိုမိုခက်ခဲလာသည့် နေထိုင်မှု ဘဝအတွင်း ယခင်ကတည်းက ခြံ၊ ယာစိုက်ပျိုးရေးနှင့် တိုင်းတစ်ပါးသို့ ပြောင်းရွှေ့ စီးပွားလုပ်ကိုင်ကြသော မွန်လူငယ်တို့မှာ ၎င်းတို့ ရင်ဆိုင် ကြုံတွေ့လာရသည့် လုံခြုံရေးအခြေအနေများကြောင့် နိုင်ငံရပ်ခြားသို့သာ ပြောင်းရွှေ့အခြေချ နေထိုင်ခြင်းကသာ အဖြေတစ်ခု ဖြစ်လာတော့သည်။ ကြုံလာသမျှ အခြေအနေများကို ကြံ့ကြံ့ခံ၍ ဆက်လက်တိုက်ပွဲဝင်နေသော နိုင်ငံရေးအစုအဖွဲ့၊ ကျောင်းသားသမဂ္ဂ၊ အရပ်ဘက်အဖွဲ့အစည်းတွေနှင့် လက်နက်ကိုင်အင်အားစု (၁၁) ဖွဲ့တို့မှ မွန်လူငယ်ကိုယ်စားလှယ်များမှာ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မွန်လူငယ်နိုင်ငံရေးတွေ့ဆုံပွဲတစ်ရပ်ကိုလည်း ပြုလုပ်ကျင်းပခဲ့သည်။ နိုင်ငံရေး၊ စစ်ရေး၊ လူသားခြင်းစာနာထောက်ထားရေးနှင့်ဆိုင်သည့် အချက်အလက်များကို ဆွေးနွေးခဲ့ကြပြီး ဘုံသဘောတူညီချက်ထဲမှ အဓိကအချက်မှာ မွန်ပြည်တော်လှန်ရေးတွင်ပါဝင်သော အဖွဲ့အစည်းအားလုံး ပါဝင်ပြီး မွန်ပြည်နှင့် မွန်ပြည်သူလူထုကို ကိုယ်စားပြုနိုင်မည့် မွန်ပြည်နယ်အစိုးရတစ်ရပ်ကို အမြန်ဆုံးဖွဲ့စည်းဖော်ဆောင်ရန်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
နိဂုံး
၂၀၂၁ ခုနှစ်မတိုင်မီကာလနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းကာလ မွန်လူငယ်များ၏ နိုင်ငံရေးအပေါ် စိတ်ပါဝင်စားမှုကို နှိုင်းယှဉ်ကြည့်ပါက စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် လူငယ်များအနေဖြင့် စစ်ရေးကဏ္ဍတွင် ပိုမိုပါဝင်လာကြသည်ကို တွေ့ရသည်။ စုဖွဲ့မှုအားလည်း ပိုမိုကောင်းမွန်လာသည်။ သို့သော် ထိုလူငယ်ပမာဏမှာ မွန်လူငယ်ထုတစ်ရပ်လုံး၏ (၁၀-၁၅) ရာခိုင်နှုန်းခန့်သာဖြစ်ကြောင်း မေးမြန်းရရှိချက်များမှ တဆင့် သုံးသပ်ရသည်။ လူငယ်များ၏ လုပ်နိုင်စွမ်းကို အသိအမှတ်ပြု၍ အခွင့်အလမ်းပေးသည့် ပတ်ဝန်းကျင်များကို ဖန်တီးပေးရန် လိုအပ်သကဲ့သို့ လူငယ်များအနေဖြင့်လည်း ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးကို ဦးတည်ချီတက်နေသည်ဖြစ်ရာ စစ်ရေးသာမက တိုင်းပြည်တည်ဆောက်ရေး အခန်းကဏ္ဍများတွင်လည်း လိုအပ်သည့် အရည်အသွေးများကို ဖြည့်တင်းထားရန်လည်း အရေးကြီးလှပေသည်။ ထို့အပြင် အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသော သဘောထားကွဲလွဲမှုများသည် အချင်းချင်းအကြား မကြေလည်မှုများကို ဦးတည်စေနိုင်ကြောင်းလည်း အထူးသတိချပ်ရန် လိုအပ်ပေသည်။
ကိုးကား
Soon, M. N. (2024, November 13). လက်ရှိမြန်မာ့နိုင်ငံရေးပဋိပက္ခနှင့် မွန်တို့၏ မတူကွဲပြားသည့် နိုင်ငံရေးရပ်တည်ချက်များ | Transnational Institute. Transnational Institute. https://www.tni.org/my/node/13561
Wood, K. (2024, November 13). ပြန်လည်သုံးသပ်ရန် လိုအပ်သည့် မွန်နိုင်ငံရေး နှင့် “၈” လပြည့် စစ်အာဏာရှင်ခရီး | Transnational Institute. Transnational Institute. https://www.tni.org/my/node/13563
ကိုချို. (n.d.). မွန်အမျိုးသားပါတီ Archives – Myanmar Now. Myanmar Now. https://myanmar-now.org/mm/topics/943/
မွန်ပြည်အစိုးရတစ်ရပ် အမြန်ဆုံးဖွဲ့စည်းဖို့ မွန်လူငယ်နိုင်ငံ ရေးဆွေးနွေးပွဲကနေ ဘုံသဘောတူ. (n.d.). နိုင်ငံတကာမြန်မာ့သတင်း. https://www.bnionline.net/mm/news-106546