စစ်ကိုင်းတိုင်းမှ စစ်ရေးပဋိပက္ခများကြား ပညာဆက်လက်သင်ယူလိုသည့်လူငယ်များ တွေ့ကြုံနေရသည့် အခက်အခဲများနှင့် စိန်ခေါ်ချက်များ
Ba Hla Win
December, 2024
ဇေယျာရွှေမြေ၏ ယမ်းငွေ့များကြားမှ ပညာ့ဆီမီး
ဖေဖော်ဝါရီ၊ ၂၀၂၁ ခုနှစ် မှ အောက်တိုဘာ၊ ၂၀၂၄ ခုနှစ်အတွင်း အရပ်သားပြည်သူတို့၏နေအိမ် စုစုပေါင်းတစ် သိန်းကျော်ကို အာဏာသိမ်းစစ်တပ်က မီးရှိ့ဖျက်စီးခဲ့ရာ ထိုအထဲမှ နေအိမ် ၆၂,၂၉၄ (အိမ်အလုံးပေါင်း) သည် စစ်ကိုင်းတိုင်းအတွင်းမှ ဖြစ်သောကြောင့် တစ်နိုင်ငံလုံးတွင် အရေအတွက် အများဆုံးဖြင့် ပထမ စွဲခဲ့သည်။ ၉ ရက်၊ အောက်တိုဘာလ၊ ၂၀၂၄ ခုနှစ်တွင် လူ့အခွင့်အရေးကောင်စီ (Fifty-seventh session) သို့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးမှ Situation of Human Rights in Myanmar ခေါင်းစဉ်ဖြင့် တင်သွင်းသည့် အသေးစိတ် အစီရင်ခံစာ၏ အပိုဒ် ၁၄ တွင် “၂၀၂၃ အောက်တိုဘာ နှောင်းပိုင်းမှ စ၍ မြန်မာစစ်တပ်၏ မြေပြင် စစ်ကြောင်း ထိုးမှုများနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် နိုင်ငံတဝန်း အရပ်သားပြည်သူ စုစုပေါင်း ၉၃၃ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းသည် အရပ်သားပြည်သူများ နေထိုင်ရန် အန္တရာယ်အများဆုံး ဒေသအဖြစ် ဆက်လက် ရှိနေသည်” ဟု ဖော်ပြခဲ့သည်။ ဤအချက်အလက်များက စစ်ကိုင်းတိုင်းမှ အရပ်သားပြည်သူများ ကြုံတွေ့ခံစားနေရသည့် ဒုက္ခပရိဒေဝ အဖုံဖုံကို လှစ်ဟဖော်ထုတ် လျက်ရှိသည်။
သုတေသန နည်းနာ
“Difficulties and Challenges Faced by Youth in Continuing Education Amid Armed Conflict in the Sagaing Region” ဟူသော ခေါင်းစဉ်ဖြင့် အရည်အသွေး အခြေပြု သုတေသန ပြုလုပ်ခဲ့ပါသည်။ အာဏာသိမ်း စစ်တပ် လက်အောက်ရှိ တက္ကသိုလ်များတွင် လုံးဝ တက်ရောက်ခြင်း မရှိသည့် အသက်၂၁ မှ ၂၄နှစ်အတွင်း အဆင့်မြင်ပညာ ကျောင်းသားများကို Youth (လူငယ်များ) ဟု ရည်ညွန်း အသုံးပြုထားပါသည်။ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်မှ အထက်ပါ ရည်ညွှန်းချက်နှင့် ကိုက်ညီသူ လူငယ်(၉) ဦးအား Purposive Sampling Method ဖြင့် ရွေးချယ်ပြီး Face-To-Face In-depth Interview ကို ၂၀ရက်နေ့မှ ၃၀ရက်နေ့အထိ၊ နိုဝင်ဘာလ၊ ၂၀၂၄ ခုနှစ်တွင် ပြုလုပ်ခဲ့သည်။ အင်တာဗျူး ဖြေကြားချက်များ၊ UN, INGO, NGO များနှင့် ပြည်တွင်းပြည်ပ သတင်းဌာနများ၏ အင်တာနက်စာမျက်နှာများတွင် ဖော်ပြထားသည့် သတင်းများ၊ ဆောင်းပါးများ၊ အချက်အလက်များကို အသုံးပြုကာ ဤ Research Blog Article ကို ရေးသားထားပါသည်။
စစ်အာဏာရှင် တတိယမျိုးဆက် အုပ်ချုပ်မှုအောက်က ရွှေဘိုလွင်ပြင်
မြန်မာနိုင်ငံ၏ ပြည်နယ်တိုင်း (၁၄) ခုတွင် စစ်ကိုင်းတိုင်းသည် ဧရိယာအားဖြင့် ဒုတိယ အကျယ်ပြန့်ဆုံးဒေသ ဖြစ်သည့်အပြင် လက်နက်ကိုင် အင်အားစုအဖွဲ့မျိုးစုံ၏ စိုးမိုးနယ်မြေ အသီးသီးတွင် စစ်ရေး ပဋိပက္ခ အဖုံဖုံ ကြုံဆုံနေရ ပါသည်။ ထိုအထဲမှ ဝက်လက်၊ ရွှေဘိုနှင့် ခင်ဦးဟူသည့် မြို့နယ်(၃) ခုဖြင့် ဖွဲ့စည်းထားသည့် ရွှေဘိုခရိုင်တွင် မြို့သုံးမြို့၏ မြို့ပေါ်ဧရိယာများ၌သာ အာဏာသိမ်းစစ်တပ်က နယ်မြေစိုးမိုး ထိန်းချုပ်ထားနိုင်ပြီး အများစုသော ကျေးရွာ ဧရိယာ များသည် တော်လှန်ရေး လက်နက်ကိုင် တပ်ဖွဲ့အသီးသီး၏ ထိန်းချုပ်မှု အောက်တွင် ရောက်ရှိနေသည်။ ထို့အပြင် သဘာဝ ပတ်ဝန်းကျင်၊ စီးပွားရေးနှင့် လူမှုရေး စသည်တို့တွင်လည်း မြို့သုံးမြို့အကြား ကွာခြားမှု နည်းပါးခြင်းကြောင့် ရွှေဘိုခရိုင်ကို သုတေသနပြုလုပ်ရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ အာဏာသိမ်း ကာလအတွင်း ရွှေဘိုခရိုင်၏ အဆင့်မြင့် ပညာရေးကို သီးသန့် လေ့လာထားသည့် သုတေသနများလည်း မရှိသေးပါ။ အဆင့်မြင့် ပညာရေး ရှေ့ဆက်ရန် အခက်အခဲများနှင့် စိန်ခေါ်မှုများကို တိတိပပ ဖော်ပြနိုင်ရန်နှင့် ထိုကျောင်းသားများအတွက် Stakeholderများနှင့် အဖွဲ့အစည်းများမှ မဟာဗျူဟာမြောက် စီမံကိန်းများ အနာဂတ်တွင် ရေးဆွဲသောအခါ အထောက်အပံ့ ဖြစ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ဤသုတေသနကို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
ဧရာဝတီနှင့် မူးမြစ်အကြား ပညာရေး ရေအလျဉ်
၂၀၂၁ နှစ်ဆန်းပိုင်းတွင် အများနည်းတူ CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ခြင်းဖြစ်သော်လည်း အာဏာသိမ်းစစ်တပ်၏ ရက်စက်ဆိုးဝါးသည့် ကျူးလွန်မှုများစွာကြောင့် နွေဦးတော်လှန်ရေး မအောင်မြင်သေးသ၍ စစ်တပ်လက်အောက် တက္ကသိုလ်များ လုံးဝမတက်တော့ပါဟု ၈၅ ရာခိုင်နှုန်းက ဖြေဆိုကြသည်။ မိသားစု ဝင်ငွေအတွက် အလုပ်လုပ်ကိုင် နေရသောကြောင့် တက္ကသိုလ်ဆက်တက်ရန် ရည်ရွယ်ချက် မထားတော့ပါဟု ကျန် ၁၅ ရာခိုင်နှုန်း ဖြေဆိုကြပါသည်။
မန္တလေးနှင့် စစ်ကိုင်းမြို့များရှိ အသက်မွေးဝမ်းကျောင်း တက္ကသိုလ်နှင့် ကောလိပ်များတွင် အာဏာသိမ်းမှုကို ထောက်ခံသည့်အသိုင်းအဝိုင်းမှ ကျောင်းသားအနည်းငယ် တက်ရောက်မှုရှိသည်။ ပြည်တွင်းနှင့် ထိုင်းနိုင်ငံရှိ ပုဂ္ဂလိက တက္ကသိုလ်များသို့ ငွေကြေးချမ်းသာသူများ၏ သားသမီး အနည်းငယ်သာ တက်ရောက်နိုင်ကြသည်ဟု ပတ်ဝန်းကျင်မှ ရွယ်တူများ၏ ပညာရေး ရွေးချယ်မှုများကို ထည့်သွင်းပြောဆိုကြသည်။
ဝက်လက်မြို့နှင့် ခင်ဦးမြို့များတွင် အင်တာနက်လိုင်း မရရှိခြင်း၊ ရွှေဘိုမြို့ပေါ်တွင် NUGနှင့် ဆက်သွယ်ပါက ပြင်းပြင်းထန်ထန် အရေးယူမှုများ ရှိနေ၍ လုံခြုံရေးစိုးရိမ်ရခြင်းတို့ကြောင့် အမျိုးသား ညီညွတ်ရေး အစိုးရ၏ နွေဦးတက္ကသိုလ်များတွင် မတက်ရောက်ကြခြင်း ဖြစ်သည်ဟု အားလုံးက ဖြေဆိုကြသည်။ ထို့ကြောင့် ရွှေဘိုခရိုင်အတွင်း အဆင့်မြင့် ပညာရေးကဏ္ဍမှာ ရပ်တန့်တော့မည့် အနေအထားနားသို့ ရောက်နေပြီဟု သုံးသပ်ရမည်ဖြစ်သည်။
အာဏာသိမ်းစစ်တပ်၏ လူငယ်များအပေါ် ပစ်မှတ်ထားကျူးလွန်မှုများ
ရွှေဘိုခရိုင်ကို စစ်အုပ်ချုပ်ရေး ကြေငြာထားပြီး ညမထွက်ရ ကာဖျူးအမိန့်နှင့် မော်တော်ဆိုင်ကယ်တစ်စီးထဲတွင် အမျိုးသားနှစ်ဦး အတူတူစီးခွင့် မပြုဟူသော ဒေသန္တရ အမိန့်များကို ၂၀၂၁ ခုနှစ်ကတည်းက ထုတ်ပြန်ထားသည်။ ထိုအမိန့်များကို မလိုက်နာသူများကို အများပြည်သူ နေထိုင်သည့် ရပ်ကွက်များ အတွင်း၌ပင် စစ်ကားများဖြင့် တိုက်သတ်ခြင်း၊ သေနတ်ဖြင့် အသေပစ်သတ်ခြင်းများကို ရက်ရက်စက်စက် ပြုလုပ်လျက် ရှိကြသည်ဟု ဖြေဆိုသည်။ မြေပြင် စစ်ကြောင်း ထိုးရာမှ ကျေးရွာ မီးရှို့ခြင်းနှင့် ဖမ်းဆီး သတ်ဖြတ်ခြင်းများကို တစ်ကြိမ်မက ကြုံတွေ့ခဲ့ရသည့် ကျေးရွာများလည်း အများအပြား ရှိသည်ဟု ဖြေဆိုကြသည်။ မည်သည့်အကြောင်းဖြင့် အဖမ်းခံရသည်ဖြစ်စေ အကြမ်းဖက် အားပေးဟု စွပ်စွဲကာ ငွေကြေး တောင်းခံခြင်း၊ ငွေကြေးမပေးနိုင်သူများကို နှစ်ရှည် ထောင်ဒဏ် ချမှတ်ခြင်းများ ပြုလုပ်နေသည့်အပြင် မြို့ပေါ်ရှိ နေအိမ်များစွာကိုလည်း စစ်ကောင်စီမှ ချိတ်ပိတ် သိမ်းဆည်း ထားကြသည်။ ဧည့်စာရင်း ဥပဒေနှင့် စစ်မှူထမ်းဥပဒေ အသုံးပြုပြီး နေအိမ်များအတွင်း ညအချိန် ဝင်ရောက်ဖမ်းစီးခြင်း၊ လွတ်မြောက်ရန် ငွေကြေး အမြောက်အများ ပေးဆောင်ရခြင်း၊ ငွေကြေးမပေးနိုင်သူများမှာ စစ်မှုထမ်းရခြင်း စသည်တို့ကို ရွှေဘိုနှင့်ဝက်လက်မြို့ပေါ်များတွင် ၂၀၂၄ ဩဂုတ်လမှစတင်၍ ညစဉ် ပြုလုပ်နေကြသည်။ ထို့အပြင် နေ့ခင်းအချိန်တွင် ရှောင်တခင်စစ်ဆေးရေးများက ယာဉ်စီးကမ်းအကြောင်းပြ ဖမ်းစီးပြီး အချို့ လူငယ်များကို စစ်မှုထမ်း ကျောင်းများသို့ ပို့ဆောင်နေသည် များလည်းရှိသည်။ ထို့အခြေအနေများကြောင့် လူငယ်များသည် နေ့ခင်းအချိန်များတွင် နေအိမ်ပြင်ပသို့ မထွက်ဝံ့ကြဘဲ ညပိုင်းအချိန်များတွင် အခြားအိမ်များသို့ ရှောင်တိမ်းအိပ်စက် နေရသူများလည်း အများအပြား ရှိကြပါသည်ဟု ဖြေဆိုခဲ့ကြသည်။
ရွှေဘိုတက္ကသိုလ် နေ့သင်တန်း ဝင်ခွင့်ရ ကျောင်းသားအရေအတွက် နှိုင်းယှဉ်လေ့လာချက်
ရွှေဘိုခရိုင်တွင် ရွှေဘိုတက္ကသိုလ်၊ အစိုးရနည်းပညာကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံဟူသည့် အဆင့်မြင့် ပညာကျောင်း (၃) ကျောင်းရှိပါသည်။ ထိုအထဲတွင် စိုက်ပျိုးရေးသိပ္ပံကျောင်းကို ၂၀၂၃ ခုနှစ် မှစ၍ ဖွင့်လှစ်ထားခြင်း မရှိပါ။ အစိုးရ နည်းပညာကောလိပ်နှင့် ရွှေဘို တက္ကသိုလ် အဝေးသင် သင်တန်းများ ဝင်ခွင့်ရ စာရင်းမှာ ၂၀၂၃ အထိသာ ထုတ်ပြန်ထားပြီး ထိုစာရင်းများကို နှစ်အလိုက် နှိုင်းယှဉ်ပါက ရွှေဘိုတက္ကသိုလ် နေ့သင်တန်း ဝင်ခွင့်ရ ကျောင်းသား စာရင်းများနှင့် သိသိသာသာ ကွာခြားမှု မရှိပါ။ ထို့ကြောင့် ရွှေဘိုခရိုင်၏ အဆင့်မြင့် ပညာရေးကဏ္ဍရှိ ကျောင်းသား တက်ရောက်မှု အခြေအနေကို ကွက်ကွက်ကွင်းကွင်း ဖော်ပြနေသည့် နေ့သင်တန်း အထူးပြုဘာသာရပ် (၁၃) ခုအတွက် ဝင်ခွင့်ရ ကျောင်းသားစာရင်း (၄) နှစ်စာကို အောက်ပါ ဂရပ်တွင် တင်ပြထားပါသည်။
စစ်အာဏာသိမ်းမှု သုံးနှစ်အကြာ ၂၀၂၄ ခုနှစ်တွင် ဝင်ခွင့်ရ ကျောင်းသားစာရင်းမှာ ၁၅၂ ယောက်သာ ရှိတော့သဖြင့် အရပ်သား အစိုးရ လက်ထက် ၂၀၂၀ ခုနှစ် စာရင်းများနှင့် နှိုင်းယှဉ်ပါက ၈၉.၆၇ ရာခိုင်နှုန်း အထိ ကျဆင်း နေပါသည်။ ထို့ထက်ဆိုးသည့် အချက်မှာ ထိုစာရင်းပါ ဝင်ခွင့် ရသူများသည် ရွှေဘိုခရိုင် အတွင်းမှ ကျောင်းသားများသာ တက်ရောက်သည့် သီးသန့် စာရင်း မဟုတ်ဘဲ ကန့်ဘလူခရိုင်၊ ရေဦးခရိုင်နှင့် ကသာခရိုင်များမှ ကျောင်းသားများလည်း ရွှေဘိုတက္ကသိုလ် နေ့သင်တန်း ဝင်ခွင့်ရ စာရင်းတွင် ပါဝင်နေပြန်သေးသည်။ ထို့ကြောင့် အဆင့်မြင့် ပညာကဏ္ဍ ရပ်ဆိုင်းလုနီးပါး အခြေအနေသည် အနာဂတ်တွင် တိုင်းပြည်၏ စိန်ခေါ်ချက် ဖြစ်လာမည်မှာ မြေကြီးလက်ခတ် မလွဲပေ။
ပုဂ္ဂလိကသင်တန်းများနှင့် အရပ်ဖက်အဖွဲ့များ၏ ပရဟိတသင်တန်းများသို့ တက်ရောက်မှု
အဆင့်မြင့် ပညာရေး ရပ်နားထားသည့် ကျောင်းသားများ အနေဖြင့် သုံးနှစ်ခွဲကျော် ကာလ အတွင်း ကွန်ပျူတာ၊ ဘာသာစကား၊ စာရင်းကိုင် စသည့် ဘာသာရပ်များနှင့် အရပ်ဖက် အဖွဲ့အစည်းများ၏ ပရဟိတ သင်တန်းများသို့ တက်ရောက်ခဲ့သည့် နှုန်းကို တစ်ဖက်ပါ ဂရပ်တွင် ဖော်ပြ ထားပါသည်။ ပညာရေး ရပ်တန့်မနေရန်နှင့် အလုပ်အကိုင် ရရှိရန် ရည်ရွယ်ချက်များဖြင့် သင်တန်း တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုသင်တန်းများသည် အခြေခံ အဆင့်သာ သင်ကြား ပေးခြင်းသည် အဓိက အခက်အခဲဖြစ်သည်။ ကျွမ်းကျင်အဆင့် သင်တန်းများကို ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများသို့ ပြောင်းရွှေ့တက်ရောက်ရန် လိုအပ်နေသေးသည်။ သို့သော် ထိုမြို့ကြီးများတွင် တက်ရောက်ရန် နေထိုင်စရိတ်၊ သင်တန်းကြေး၊ စာမေးပွဲကြေးနှင့် လမ်းခရီးလုံခြုံရေးစသည့် အခက်အခဲများလည်း ရှိကြသေးသည်။
တိုက်ပွဲခေါ်သံများကြားက ၂၀၂၅ အတွက် မျှော်လင့်ချက်များ
အာဏာသိမ်းအစိုးရက ၂၀၂၅ ရွေးကောက်ပွဲ မတိုင်မီ နယ်မြေစိုးမိုးရန် စစ်ဆင်ရေးများ ယခုထက် ပိုမိုပြုလုပ် လာနိုင်သလို တော်လှန်ရေး တပ်ဖွဲ့များ အညာတွင် အခြေချတော့မည့် သတင်းများကြောင့် စစ်ရေးပဋိပက္ခများ ယခုထက်ပို၍ ၂၀၂၅ ခုနှစ်တွင် ဆိုးရွားစွာ ကြုံတွေ့လာရနိုင်သည်ဟု ဖြေဆိုသူ အချို့က ထင်မြင်ချက် ပေးကြသည်။ နေရပ် စွန့်ခွာပြီး အလုပ်လုပ်ကိုင်မည့်သူများနှင့် စစ်မှူထမ်း ဥပဒေကြောင့် ဒေသတွင်း တော်လှန်ရေး အဖွဲ့များထံ ခိုဝင်မည့် လူငယ်များ ပိုမို များပြားလာနိုင်သည်ဟု သုံးသပ် ဖြေကြားသည် များလည်း ရှိပါသည်။ သို့သော် ဤအနေ အထားများ အောက်မှာပင် အနာဂတ်တွင် ပညာ ဆက်လက် သင်ယူရန် ဆန္ဒရှိသည်ဟု ဖြေဆိုသူ ၈၇.၅ ရာနှုန်းရှိပြီး ရည်ရွယ်ချက်များမှာ အလုပ်အကိုင် အခွင့်အလမ်းအတွက်ကြောင့်ဟု အများစုက ဖြေဆိုကြပြီး ဘုန်းကြီးကျောင်းများတွင် ပရဟိတ ပြန်လည် သင်ကြား ပေးလိုသောကြောင့်ဟု ဖြေဆိုခဲ့ သူလည်း ရှိပါသည်။
ရေနစ်နေသူတို့အတွက် နောက်ဆုံးအားကိုးရာ ကောက်ရိုးမျှင်
ဒေသခံ အရပ်ဖက် အဖွဲ့အစည်းများ(အထူးသဖြင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ)နှင့် နိုင်ငံတကာမှ ပရဟိတ အဖွဲ့အစည်းများ၊ သံရုံးများ၊ ပညာရှင်များ ပူပေါင်းစီမံပြီး စာရင်းကိုင်၊ ကွန်ပျူတာ၊ လုပ်ငန်းခွင်အကြိုသင်တန်းများနှင့် ဘာသာစကား သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ လက်တွေ့သင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အလုပ်အကိုင် ရှာဖွေပေးခြင်းဖြင့် ပညာရေး ရပ်တန့်နေသည်ကို ဖြေရှင်းနိုင်မည်ဟု မျှော်လင့်သူ ၄၄ ရာခိုင်နှုန်း ရှိပါသည်။ မိမိပတ်ဝန်းကျင်ရှိ အလုပ်တစ်ခုခုကို ဝင်ရောက်လုပ်ကိုင်ကာ အလုပ်အတွေ့အကြုံယူထားပြီး ထိုအလုပ်နှင့်ဆက်စပ်နေသော ဘာသာရပ်များကို လေ့လာသင့်သည်ဟု ဖြေဆိုသူ ၃၄ ရာခိုင်နှုန်း၊ ဝါသနာပါသည့် ဘာသာရပ်ကို Self-study ပုံစံဖြင့် လေ့လာနေချိန်တွင် တစ်ဖက်မှလည်း အရင်းအနှီး နည်းသည့်ကိုယ်ပိုင် လုပ်ငန်းငယ်များကို အကောင်အထည် ဖော်သွားနိုင်ပါက အလုပ်အကိုင်နှင့် ဝင်ငွေအတွက် အဆင်ပြေလာနိုင်သည်ဟု ဖြေဆိုသူလည်း ၂၂ ရာနှုန်း ရှိပါသည်။
နိဂုံးဆုတောင်း
၂၀ ရာစုအတွင်း ဖြစ်ပွားခဲ့သော စစ်ပွဲများ၏ဒဏ်ကို ဒေသတွင်း နိုင်ငံအားလုံး ခံစားခဲ့ရသော်လည်း ၂၁ ရာစုတွင် မိမိနိုင်ငံအတွင်း လောင်ကျွမ်းနေသည့် ပြည်တွင်း စစ်မီးမှာမူ မိမိတိုင်းပြည် အနာဂတ်ကို ဟုန်းဟုန်း ကျွမ်းလောင် စေခဲ့ပြီ။ တိုင်းပြည် အနာဂတ်ဆိုသည်မှာ မျိုးဆက်သစ် လူငယ်များပင် မဟုတ်ပါလော။ ထိုလူငယ်များ၏ ပညာရေး ရပ်တန့် နေခြင်းကိုပင် အမှောင်ခေတ်ဟု ဝိဂြိုဟ်ပြုကြသည်။ ရတနာပုံခေတ် စာဆိုစလေဦးပုညက “နိုင်ငံကျွမ်းဆောက်၊ ပြည်ကြာလျှင် မှောက်ကရော့မည်”ဟု ဝိဇယပြဇာတ်တွင် ထည့်သွင်းဖွဲဆိုခဲ့သည်မှာ အနာဂတ္တိ ဟောစာတမ်း အလားပင်။ ခေတ်စမ်းစာဆို မင်းသုဝဏ် ဖွဲ့ဆိုခဲ့သလို “စစ်ကိုလည်းကြုံ၊ ခြအုံလည်းဖြစ် ဓားထစ်လည်း ခံ”ခဲ့ရသည့် ပျဉ်းမငုတ်တိုသည် ကုန်းဘောင်မြေ၏ နွေဦးတွင် “ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေ” နိုင်ပါဦးမည်လော၊ သမိုင်းဘီးဟာ တစ်ပတ်ပြန် လည်တတ်စမြဲမို့ အထပ်ထပ်သော ဘီးရာများကြား ပညာ့ဆီမီး ယန္တရားကြီးသည် ကုန်းဘောင်ပြည်သူ့ မျက်ရည်နွံမှ ရုန်းထွက် နိုင်ပါစေ။ ရောင်နီမှာ အောင်စည် ရွမ်းသည့်အခါ၊ သပြေညို ရွှေဘိုပန်းဖြင့် လှမ်းနိုင်ကြပါစေ ဟုသာ။ ။
ISP, D. M. (2023). Conflict, Peace and Security (အလေးထားရမည့်ဒေတာအချက်အလက်များ). ISP MYANMAR.
UNHRC. (2024). Situation of human rights in Myanmar: Report of the United Nations High Commissioner for Human Rights. United Nations Human Rights Council. United Nations.