ရေးသားသူ- ဟိန်းသန့်ဆွေ
မြန်မာနိုင်ငံ၏ နိုင်ငံခြားဆက်ဆံရေးအကြောင်းကို ပြောဆိုဆွေးနွေးကြရာတွင် တရုတ်နိုင်ငံနှင့် ဆက်ဆံရေးကိုသာ အဓိကထား၍ ပြောဆိုဆွေးနွေးလေ့ရှိကြသည်။ ထိစပ်နေသော ရှည်လျားသည့် ကုန်းမြေ နယ်နိမိတ်၊ များပြားသောလူဦးရေ၊ သမိုင်းကြောင်းဆိုင်ရာအရ အရေးပါမှုတို့ရှိသည့် မျက်မှောက်ခေတ် အင်အားကြီး အိမ်နီးချင်းနိုင်ငံဟုဆိုလျှင် တရုတ်နိုင်ငံကိုသာ ဦးစွာ ရည်ညွှန်းကြမည်ဖြစ်သည်။ တရုတ်နိုင်ငံနည်းတူ အထက်ပါ အချက်အလက်များနှင့်ပြည့်စုံသော နောက်ထပ် အင်အားကြီး အိမ်နီးချင်းနိုင်ငံတစ်ခု အကြောင်းကား ပြောလေ့ပြောထ နည်းကြသည်။ ပညာရှင်တို့ လေ့လာမှု ပြုကြရာတွင်လည်း တရုတ်-မြန်မာ ဆက်ဆံရေးနှင့် စပ်လျဥ်းသော အကြောင်းအရာများကို အလေးပေးသလောက် ထိုနိုင်ငံကြီးနှင့် မြန်မာနိုင်ငံတို့အကြား ဆက်ဆံရေးကို ဂရုတစိုက် လေ့လာဖော်ပြကြသည်မှာ စာရေးသူ လက်လှမ်းမှီသလောက်ဆိုရရင် နည်းသည်ဟုဆိုနိုင်သည်။ ထိုနိုင်ငံကြီးကား အခြားမဟုတ်၊ အိန္ဒိယနိုင်ငံဖြစ်သည်။
ယခုဆောင်းပါးတွင် မျက်မှောက်ခေတ် အိန္ဒိယ-မြန်မာဆက်ဆံရေးကောက်ကြောင်း ပေါ်လွင်စေရန် အိန္ဒိယ-မြန်မာဆက်ဆံရေး အကျဥ်းကို ရှေးဦးစွာ ဖော်ပြပြီး ယခုလက်ရှိ အိန္ဒိယ-မြန်မာဆက်ဆံရေးအား ပုံဖော်နေသော အကြောင်းခြင်းရာများကို တင်ပြသွားမည်ဖြစ်ပါသည်။ ထို့နောက် စိန်ခေါ်မှုများနှင့်တကွ အနာဂတ် အလားအလာတို့ကို ဖော်ပြသွားမည်ဖြစ်သည်။
အိန္ဒိယ-မြန်မာ ဆက်ဆံရေး မိတ်ဆက်
မြန်မာနှင့် အိန္ဒိယတို့ ဒေသအချင်းချင်းအကြား လွန်ခဲ့သော ရှေးနှစ်ပေါင်းထောင်ချီကတည်းက စာပေ၊ယဥ်ကျေးမှုနှင့် ဘာသာရေးအရ အပြန်အလှန် ရောယှက်ဆက်နွယ်မှုများ ရှိခဲ့သည်။ ခေတ်သစ် အိန္ဒိယ-မြန်မာဆက်ဆံရေးမှာမူ မြန်မာနိုင်ငံလွတ်လပ်ရေးရသောနေ့ ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ရက် မှသာ တရားဝင် သံတမန်ဆက်ဆံရေး ထူထောင်ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်သည်[1]။ ပထဝီအနေအထားအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ အရှေ့မြောက်ဒေသ ပြည်နယ် ၄ ခုနှင့် ထိစပ်နေပြီး ၁၆၄၃ ကီလိုမီတာရှည်လျားသော နှစ်နိုင်ငံကုန်းနယ်နိမိတ်နှင့် ၇၂၅ ကီလိုမီတာရှည်လျားသော ပင်လယ်ရေကြောင်းနယ်နိမိတ်တို့ ရှိသည်။
သံတမန်ဆက်ဆံရေး နှစ် (၇၀) ကျော် ကာလအတွင်း အိန္ဒိယ-မြန်မာဆက်ဆံရေးသည် အတက်အကျ အသွင်အမျိုးမျိုး ဆောင်ခဲ့သည်။ ၁၉၉၀ ခုနှစ်များ အစောပိုင်းကာလအထိ အိန္ဒိယ၏ နိုင်ငံခြားရေးရာမူဝါဒတွင် မြန်မာသည် ဦးစားပေးနိုင်ငံတစ်ခုဟုမဆိုနိုင်ချေ။ သို့သော် ၁၉၉၀ နောက်ပိုင်းမှစ၍ အိန္ဒိယ၏ နိုင်ငံခြားရေးကဏ္ဍတွင် ဒီမိုကရေစီစံနှုန်းများကို ဦးစားပေးသော နာမ်စံနှုန်းအခြေပြု အယူအဆမှ အကျိုးစီးပွားအခြေခံသော လက်တွေ့အယူအဆသို့ တဖြည်းဖြည်းအသွင်ကူးပြောင်းလာရာမှ မြန်မာနှင့်ဆက်ဆံရေး အရှိန်ပိုရလာသည်။ ထို့သို့ အသွင်ပြောင်းလဲလာခဲ့ရာ လက်ရှိ ဝန်ကြီးချုပ်မိုဒီလက်ထက်တွင် အိန္ဒိယ-မြန်မာဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အရေးပါဆုံး အနေအထားတစ်ရပ်သို့ ရောက်ရှိလာခဲ့ပြီဟုဆိုနိုင်သည်။
လက်ရှိ အိန္ဒိယ-မြန်မာဆက်ဆံရေး ထောက်တိုင် ၄ ချက်
လက်ရှိ အိန္ဒိယ-မြန်မာဆက်ဆံရေး၏ အရေးပါမှုကို ဖော်ဆောင်နေသည့် အဓိကအကြောင်းအချက်များကို စမ်းစစ်ကြည့်လျှင် အောက်ပါ အချက် ၄ ချက်ကိုတွေ့နိုင်သည်။ ပထမအချက်မှာ အိန္ဒိယ၏ အရှေ့လှမ်းမူဝါဒပင်ဖြစ်သည်။ ၂၀၁၄ခုနှစ်က ဝန်ကြီးချုပ် နာရန်ဒရာမိုဒီ စတင်ကြွေးကြော်ခဲ့သော အိန္ဒိယ၏ အရှေ့လှမ်းမူဝါဒဟူသည် ယခင်အစိုးရများ လက်ထက်က ကျင့်သုံးခဲ့သော အရှေ့မျှော်မူဝါဒကို ပိုမိုအသက်ဝင်လာစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။ ဤမူဝါဒအရ မြန်မာသည် အိန္ဒိယနိုင်ငံနှင့် ကုန်းနယ်နိမိတ်ရော ရေနယ်နိမိတ်ပါထိစပ်နေသည့် တစ်ခုတည်းသော အရှေ့တောင်အာရှနိုင်ငံဖြစ်နေရာ အရှေ့တောင်အာရှဒေသနှင့် ကူးလူးဆက်သွယ်မှု မြင့်တင်လိုသည့် အိန္ဒိယအဖို့ မဟာဗျူဟာအရ ပို၍အရေးပါလာသည်။ ၂၀၁၉ခုနှစ် နိုဝင်ဘာလကပင် အာဆီယံ-အိန္ဒိယထိပ်သီးအစည်းအဝေးအပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခဲ့ရာ၌ မိုဒီက အရှေ့လှမ်းမူဝါဒနှင့် အိမ်နီးချင်းဦးစားပေးမူဝါဒနှစ်ခုလုံးအရ မြန်မာနိုင်ငံသည် အိန္ဒိယ၏ ဦးစားပေး မိတ်ဆွေတစ်ဦးဖြစ်ကြောင်း အလေးအနက်ပြောကြားခဲ့သည် (Ministry of External Affairs, Government of India, 2019)။
ဒုတိယအချက်မှာ ဒေသတွင်းပထဝီနိုင်ငံရေးအပြောင်းအလဲ ဖြစ်သည်။ တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံလုံးအတွက် မြန်မာသည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အရှေ့အာရှသုံးခုလုံး စုဆုံရာ ပထဝီအနေအထားတွင်ရှိနေခြင်း၊ ရှည်လျားသည့် နှစ်နိုင်ငံနယ်နိမိတ်အသီးသီးကို ပိုင်ဆိုင်ထားကြခြင်း၊ မြန်မာနိုင်ငံ၏ စွမ်းအင် သယံဇာတကြွယ်ဝခြင်းနှင့် မဟာဗျူဟာအရ အရေးပါသော ပင်လယ်ထွက်ပေါက်ရှိနေခြင်းတို့ကြောင့် တရုတ်နှင့် အိန္ဒိယနှစ်နိုင်ငံအကြား မူလကပင် အကျိုးစီးပွားပြိုင်ဆိုင်မှုများရှိခဲ့သည်။ နောက်ပိုင်းနှစ်များတွင် ခါးပတ်တစ်ကွင်းလမ်းတစ်စင်းစီမံကိန်း အရှိန်ရလာမှုနှင့်အတူ မူလကအိန္ဒိယလွှမ်းမိုးမှုအားကောင်းခဲ့သော အိမ်နီးချင်းနိုင်ငံများတွင်ပင် တရုတ်အရှိန်အဝါကြီးထွားလာခြင်းက အိန္ဒိယအား နိုင်ငံခြားဆက်ဆံရေးကဏ္ဍတွင် ပိုမိုတက်ကြွလာစေရန် တွန်းအားပေးခဲ့သည်။ အိမ်နီးချင်း သီရိလင်္ကာနိုင်ငံနှင့် ပါကစ္စတန်နိုင်ငံတို့ရှိ ဆိပ်ကမ်းများ တရုတ် လက်အောက်သို့ ရောက်ရှိခဲ့ခြင်းက ပုလဲသွယ်စီမံကိန်းပုံစံဖြင့် အိန္ဒိယသည် ရေကြောင်းအရ ဝိုင်းပတ်ပိတ်ဆို့ခံနေရပြီဟူသည့် မလုံခြုံမှုကိုခံစားရစေသည်။ ကျောက်ဖြူဆိပ်ကမ်းကို ခြေကုပ်ယူထားပြီးဖြစ်သော တရုတ်အား အင်အားချိန်ခွင်လျှာပြန်လည်ညှိနိုင်ရန် အိန္ဒိယအတွက် အရေးပါလာသည်။ ပထဝီနိုင်ငံရေးအရ တရုတ်နှင့် အိန္ဒိယကြားတွင်ရှိနေသော မြန်မာနိုင်ငံသည် အနာဂတ်တွင် ပိုမိုအားကောင်းလာနိုင်သော ဒေသတွင်း တရုတ်-အိန္ဒိယ အားပြိုင်မှု၏ ဗဟိုချက်တစ်ခု အဖြစ် အသွင်ဆောင်လာနိုင်ဖွယ်ရှိနေပေသည်။
တတိယတစ်ချက်မှာ လုံခြုံရေးလိုအပ်ချက်ဖြစ်သည်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေးရပြီးချိန်မှစ၍ အိန္ဒိယ-မြန်မာနယ်စပ်သည် အရှေ့မြောက်ပြည်နယ်များမှ ခွဲထွက်ရေးလက်နက်ကိုင်တို့ အခြေချရာ ကွန်းခိုရာဖြစ်လာသည်။ ထိုလက်နက်ကိုင်များသည် မြန်မာ့နယ်နိမိတ်မှနေ၍ အိန္ဒိယနယ်နိမိတ်ထဲသို့ စိမ့်ဝင်ကာ ရံဖန်ရံခါတိုက်ခိုက်မှုများ ပြုလုပ်ကြသည်။ ၁၉၉၅ ခုနှစ် ရွှေငှက်စစ်ဆင်ရေး (Operation Golden Bird)မှစတင်၍ ထိုလက်နက်ကိုင်များကို ချေမှုန်းရန် နှစ်နိုင်ငံပူးတွဲစစ်ဆင်ရေးများအပါအဝင် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုများ ပိုမိုစိတ်လာခဲ့သည် (Egreteau, 2008)။ မူလက ယေဘုယျအားဖြင့် အိန္ဒိယအတွက်သာ အဓိကအရေးပါသော လုံခြုံရေးကဏ္ဍပူးပေါင်းဆောင်ရွက်မှုသည် ယခုနှစ်များ၌ အနောက်တံခါးပြသနာအပြင် ရခိုင့်တပ်မတော် (AA) လက်နက်ကိုင်တပ်ဖွဲ့နှင့် တိုက်ပွဲများကြောင့် ပိုမို၍အပြန်အလှန် အသွင်ဆောင်လာသည်ကို တွေ့ရသည်။ မကြာသေးသော ၂၀၁၉ ဇူလိုင်လကပင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်၏ အိန္ဒိယခရီးစဥ်တွင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုမြင့်တင်ရန် နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ်ကိုချုပ်ဆိုခဲ့သည် (Press Trust of India, 2019)။ ဤတွေ့ဆုံမှုမတိုင်ခင် လအနည်းငယ်အလိုကတည်းက နှစ်နိုင်ငံစစ်တပ်နှစ်ခုကြား ပူးတွဲစစ်ဆင်ရေးများကို ပူပူနွေးနွေး ဆောင်ရွက်ထားပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလနှင့် ဇွန်လအတွင်း တပ်မတော်နှစ်ခုပူးပေါင်း၍ နှစ်နိုင်ငံနယ်စပ်တစ်ဝိုက်ရှိ အခြေစိုက်လက်နက်ကိုင်တပ်များကို Operation Sunrise အမည်ရှိ ပူးတွဲစစ်ဆင်ရေး နှစ်ချီဆင်နွှဲခဲ့ကြသည်ကိုတွေ့ရသည် (Siddiqui, 2018)။
နောက်ဆုံးအချက်မှာ စီးပွားရေး အခွင့်အလမ်းများဖြစ်သည်။ ၂၀၁၀ နောက်ပိုင်းတွင် အိန္ဒိယ-မြန်မာကုန်သွယ်ရေးသည် သိသိသာသာတိုးတက်လာခဲ့သည်။ အိန္ဒိယအစိုးရ၏ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံးနိုင်ငံများအတွက် ကုန်သွယ်ခွန်ကင်းလွတ်ခံစားခွင့် အစီအစဥ်၌ မြန်မာပါဝင်လာခြင်းနှင့် အာဆီယံ-အိန္ဒိယ လွတ်လပ်စွာကုန်သွယ်ရေးဒေသ အကောင်အထည်ပေါ်လာခြင်းတို့ကလည်း နှစ်နိုင်ငံကုန်သွယ်ရေးကို အားဖြည့်ပေးခဲ့သည်။ ၂၀၁၇ခုနှစ် စာရင်းဇယားများအရ အိန္ဒိယ-မြန်မာကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃၆၀.၃၅ မီလျံ (၁ ဘီလျံကျော်) ရှိပြီး အိန္ဒိယသည် မြန်မာ၏ ကုန်တင်ပို့မှု ပဥ္စမမြောက် အများဆုံးနိုင်ငံ၊ ကုန်တင်သွင်းမှုတွင် ဆဌမမြောက်အများဆုံးနိုင်ငံ ဖြစ်လာခဲ့သည် (Ministry of Planning and Finance Myanmar, 2018)။ ရင်းနှီးမြုပ်နှံမှုကဏ္ဍ၌လည်း ၂၀၂၀ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင်း၌ စုစုပေါင်း အမေရိကန်ဒေါ်လာ ၇၇၁သန်း တန်ကြေးရှိသော အိန္ဒိယရင်းနှီးမြုပ်နှံမှုလုပ်ငန်း ၃၃ ခုရှိပြီဖြစ်သည် (Directorate of Investment and Company Administration, 2020)။
ထို့ပြင် အိန္ဒိယ-မြန်မာဆက်ဆံရေး၏ အရေးကြီးသော အစိတ်အပိုင်းများဖြစ်သည့် ကုလားတန်စီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းကဲ့သို့ စီမံကိန်းကြီးများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ အိန္ဒိယ စီမံကိန်းများအနက် အရေးပါဆုံးတစ်ခုဖြစ်သော ကုလားတန်မြစ်ကြောင်း ဘက်စုံ ဖွံ့ဖြိုးရေး စီမံကိန်းသည် ကုလားတန်မြစ်ကြောင်း တစ်လျှောက် စစ်တွေ ဆိပ်ကမ်းမှ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ မီဇိုရမ်ပြည်နယ်အထိ ဆက်သွယ်စေမည် ဖြစ်သည်။ ကုလားတန်စီမံကိန်းတွင် ပါဝင်သော စစ်တွေဆိပ်ကမ်းကိုအခြေပြု၍ စစ်ထွေအထူးစီးပွါးရေးဇုန်တစ်ခု ပေါ်ပေါက်လာရန်လည်း အလားအလာရှိသည်။ နောက်ထပ်အရေးပါသောစီမံကိန်းတစ်ခုမှာ အိန္ဒိယ-မြန်မာ-ထိုင်းသုံးနိုင်ငံ အဝေးပြေးလမ်းမစီမံကိန်းဖြစ်သည်။ ကီလိုမီတာ၁,၄၀၀အထိ ရှည်လျားမည် ဖြစ်သော ဤအဝေးပြေးလမ်းသည် အိန္ဒိယအရှေ့ပိုင်း မိုရေးမှ မြန်မာနိုင်ငံ တမူး၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောက်သို့ ဆက်သွယ်မည်ဖြစ်ပြီး အိန္ဒိယနှင့်အရှေ့တောင်အာရှဒေသကို ပထမဆုံး ဆက်သွယ်ပေးမည့် စီမံကိန်းကြီးလည်း ဖြစ်သည်။ အိန္ဒိယ၏အရှေ့လှမ်းမူဝါဒအတွက် နမူနာဖြစ်သည်ဟု မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးကိုယ်တိုင်က မှတ်ချက်ပေးခဲ့သည် (Frontier MYANMAR, 2018)။
စိန်ခေါ်မှုများနှင့် အလားအလာ
၁၉၉၀ နောက်ပိုင်းတွင် အိန္ဒိယ၏ မြန်မာဆီသို့ ချဥ်းကပ်သည့် အသွင်ပြောင်းလဲခဲ့ခြင်း ကြောင့် သိသိသာသာတိုးတက်ခဲ့သော နှစ်နိုင်ငံဆက်ဆံရေးသည် ယခုအခါ အထက်တွင်ဖော်ပြခဲ့သော ထောက်တိုင် လေးခုကြောင့် အိန္ဒိယ-မြန်မာဆက်ဆံရေး သမိုင်းတစ်လျှောက် အကောင်းဆုံးအခြေအနေတစ်ရပ်ဖြစ်လာစေခဲ့သည်။ သို့သော် အိန္ဒိယ-မြန်မာဆက်ဆံရေးသည် တရိပ်ရိပ်တိုးတက်ဆဲဖြစ်သော်လည်း အခြားအိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးနှင့် နှိုင်းယှဥ်ကြည့်လျှင် လိုအပ်ချက်များ၊ စိန်ခေါ်မှုများ ရှိနေသေးသည်။ ကုန်သွယ်မှုပမာဏတွင် အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့နှင့်ဖ နှိုင်းယှဥ်မည်ဆိုပါက အလွန်နည်းပါးနေသည်ကိုတွေ့ရပြီး မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကဏ္ဍတွင်လည်း ၀.၉၂ % သာနေရာယူထားသော အိန္ဒိယသည် ၂၅.၁၅ % အထိရှိသော တရုတ်နိုင်ငံနှင့် နှိုင်းယှဥ်ပါက ၂၅ ပုံ ၁ပုံ ခန့်မျှသာ ရှိနေသည် (Aung & DICA, 2016, 2020)။ ထို့ပြင်ခါးပတ်တစ်ကွင်းလမ်းတစ်စင်း စီမံကိန်းကြီး၏ အစိတ်အပိုင်းဖြစ်သည့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ စီမံကိန်းများက အစီအစဥ်တကျ တက်ရိပ်ပြနေစဥ် အိန္ဒိယစီမံကိန်းများက နှောင့်နှေးကြန့်ကြာနေခြင်းကလည်း အိန္ဒိယအဖို့ မနှစ်မြို့စရာအနေအထားဖြစ်သည်။ မူလက၂၀၁၉တွင် အပြီးသတ်ရန်စီစဥ်ထားသောကုလားတန်စီမံကိန်းသည် ယခုအချိန်အထိ အပြီးသတ်ရန် ကြန့်ကြာနေသေးသည်ကိုတွေ့ရသည် (မင်းသိန်းအောင်, 2020)။ လုံခြုံရေးခြိမ်းခြောက်မှုများ၊ တက်ကြွလှုပ်ရှားသူများနှင့် ဒေသခံလူစု အချို့မှ ကန့်ကွက်မှုများ၊ စီမံကိန်း၏ အကောင်အထည်ဖော်နိုင်စွမ်းကို ကနဦး စမ်းစစ်မှု (feasibility study) တွင် အမှာအးယွင်းများ ရှိခဲ့မှုကဲ့သို့သော ပြသနာများကြောင့်ဟု ဆိုနိုင်သည် (Ramachandran, 2016)။
အိန္ဒိယ-မြန်မာ ဆက်ဆံရေးကို အဓိကစိန်ခေါ်နေသော အချက်မှာ အိန္ဒိယ၏ ကန့်သတ်စွမ်းအားနှင့် မြန်မာ့နိုင်ငံခြားရေး အခင်းအကျင်း ပြောင်းလဲလာမှု ဖြစ်သည်။ အိန္ဒိယသည် ရည်ရွယ်ချက်အားဖြင့် မကျဥ်းမြောင်းသော်လည်း လက်တွေ့တွင်ပါဝါနှင့် လုပ်ဆောင်နိုင်စွမ်းမှာ အကန့်အသတ်များစွာရှိနေသည်ဟု ပညာရှင်တို့က ဝေဖန်ကြသည်။ ထို့ကြောင့် အရှေ့လှမ်းမူဝါဒကို ထပ်တလဲလဲကြွေးကြော်ထားသော်လည်း အိန္ဒိယအဖို့ အမှန်တကယ်လက်တွေ့တွင် (အထူးသဖြင့် အရှေ့တောင်အာရှဒေသ၌) အကောင်အထည်ဖော်နိုင်စွမ်း အားနည်းမှုများကိုတွေ့ရသည်။ ထို့ကြောင့် မြန်မာနိုင်ငံအဖို့ အိန္ဒိယနှင့္ ဆက်ဆံရေးတိုးမြင့်ခြင်းဖြင့် တရုတ်အပေါ် အလွန်အကျွံ အားထားနေရမှုကို လျှော့ချလိုသော်လည်း အိန္ဒိယ၏ ကန့်သတ်စွမ်းအားကြောင့် အိန္ဒိယ-မြန်မာဆက်ဆံရေး မျှော်မှန်းသလောက် ခရီးမတွင်ဖြစ်ရသည်ဟုဆိုနိုင်သည်။ ထို့ပြင် ၂၀၁၇ မှစ၍ ပိုမိုဆိုးရွားလာသော အနောက်တံခါး ပြသနာကြောင့် မြန်မာအဖို့ တရုတ်နှင့် ယခင်ကထက် ပိုမိုနီးကပ်ရန် အကြောင်းဖန်လာခဲ့သည်။ တရုတ်နှင့် ယှဥ်ပြိုင်နိုင်ရန် အင်အားအကန့်အသတ်ရှိနေခြင်းအပြင် ထိုကဲ့သို့ မြန်မာ၏ နိုင်ငံခြားရေးအပြောင်းအလဲက တရုတ်ကို အတိုင်းအတာတစ်ခုအထိ အင်အားချိန်ခွင်လျှာပြုချင်သော အိန္ဒိယအတွက် စိန်ခေါာမှုဖြစ်စေသည်။ အနာဂတ်တွင် တစတစ ပြောင်းလဲလာနေသော ပထဝီနိုင်ငံရေးအခင်းအကျင်းများ၊ နှစ်နိုင်ငံလုံခြုံရေးစိန်ခေါ်မှုများက လက်ရှိ အိန္ဒိယ-မြန်မာ ဆက်ဆံရေး ကောက်ကြောင်းကို မည်သို့ဆက်လက်ရိုက်ခတ်သွားမည်ကိုမူ စောင့်ကြည့်ရဦးမည်ဖြစ်သည်။
ရည်ညွှန်းကိုးကားချက်များ
photo credit- https://www.thehindu.com