မြန်မာနိုင်ငံရှိ မြို့ကြီးများ၏ မြို့ပြဖွံ့ဖြိုးရေး စိန်ခေါ်မှုများ

ရေးသားသူ – ခင်စုစုသွယ်၊ ပျိုးမြတ်ပိုင်၊ အိအိခင်၊ အေးလှိုင်လှိုင်ကျော်

 

မြို့ပြဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံတကာတွင် ကျယ်ပြန့်စွာ ဆွေးနွေးလေ့ရှိကြပြီး မူဝါဒများပြောင်းလဲခြင်းဖြင့် လက်တွေ့မြေပြင်အခြေအနေများနှင့် ကိုက်ညီအောင် ဆောင်ရွက်လေ့ရှိကြပါသည်။ မြန်မာနိုင်ငံ၏ မြို့တော်မှာ ပြည်ထောင်စုနယ်မြေဖြစ်သည့် နေပြည်တော်ဖြစ်ပြီး ရန်ကုန်မြို့တော်ကို စီးပွားရေးမြို့တော်အဖြစ်လည်းကောင်း၊ မန္တလေးမြို့တော်ကို ကူးသန်းရောင်းဝယ်ရေးအချက်အချာမြို့အဖြစ်လည်းကောင်း သတ်မှတ်ထားကာ မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် အဆိုပါ မြို့တော်ကြီးနှစ်ခုကို အားပြုတည်ဆောက်ထားသည်ကိုလည်း တွေ့ရသည်။ ရန်ကုန်မြို့တော်သည် တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှု၏ တစ်ဝက်ခန့်ကို သုံးစွဲနေသလို၊ တစ်နိုင်ငံလုံး၏ စီးပွားရေးကို အဓိက ထောက်ကန်ပေးထားသော မြို့တော်ဖြစ်သည်။ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ မြို့တော် အဆင့်အတန်း (၃)ခုရှိသည်ဟု သတ်မှတ်နိုင်သည်။ နေပြည်တော်မှာ နိုင်ငံ၏ မြို့တော်ဖြစ်ပြီး၊ ပြည်ထောင်စုနယ်မြေဖြစ်ကာ၊ သမ္မတက တိုက်ရိုက်အုပ်ချုပ်စီမံပါသည်။ ရန်ကုန်နှင့်မန္တလေးသည် မြို့တော်(City)အဆင့်အတန်းရှိပြီး၊ မြို့တော်ဝန်များဖြင့် အုပ်ချုပ်စီမံပါသည်။ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် မြို့နှင့် မြို့နယ်အဆင့်အတန်းရှိပြီး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကလည်း စည်ပင်သာယာလုပ်ငန်းများကို ဒေသဦးစီးစနစ်ဖြင့် လုပ်ဆောင်ပါသည်။ စည်ပင်သာယာရေးလုပ်ငန်းများကို ပြည်သူမှ ရွေးချယ်တင်မြောက်ထားသော ကော်မတီနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းထားခြင်းဖြစ်သည်။

မြန်မာစကားပုံလာ ‘ရေကြည်ရာ၊ မြက်နုရာ’ ဆိုသည့်အတိုင်း ပြောင်းရွေ့ကြသည့် အလေ့အထကို ရှေးယခင် အဆက်ဆက်ကပင် ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။ ကျေးလက်မှ လုပ်သားများ မြို့ပြများသို့ပြောင်းရွှေ့ခြင်း၊ မိမိနိုင်ငံမှ အခြားနိုင်ငံများသို့ ပြောင်းရွှေ့နေထိုင်၊ စားသောက်လုပ်ကိုင်ကြသည့် ယဉ်ကျေးမှုမှာ အမြဲတစေ ဖြစ်ပေါ်လျက်ရှိသော ကိစ္စဖြစ်သည်။ ၁၉၈၈ခုနှစ် ဒီမိုကရေစီအရေးအခင်း ဖြစ်ပြီးနောက် မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့မှုများ ဖြစ်ခဲ့သလို၊ ၂၀၀၈ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့်လည်း ဧရာဝတီတိုင်းဒေသကြီးမှ လူအများအပြား ရန်ကုန်တိုင်းဒေသကြီး အထူးသဖြင့် ရန်ကုန်မြို့သို့ အများအပြားရွှေ့ပြောင်းခဲ့သည်။ ယခုအခါ ရန်ကုန်မြို့တော်သည် လူဦးရေ ၄,၄၇၇,၆၃၈ ဦးဖြင့် မြန်မာနိုင်ငံ၏ မြို့ပြလူဦးရေ အထူထပ်ဆုံး‌သော နေရာတစ်ခုဖြစ်လာခဲ့ပြီး နှစ်စဉ်တိုးတက်လာလျှက်ရှိပါသည် (UNFPA, 2013)။ ၂၀၂၀ခုနှစ်တွင် မြန်မာ့မြို့ပြလူဦးရေသည် ၃၁.၄ ရာခိုင်နှုန်းအထိရှိနေပြီး ၂၀၅၀ ခုနှစ်တွင် ၄၇.၂ ရာခိုင်နှုန်း ဖြစ်လာလိမ့်မည်ဟု Myanmar Population Forecastမှ ဖော်ပြခဲ့ပါသည်။ လူအများအပြား လာရောက်နေထိုင်ရန် အဆင့်သင့် မဖြစ်သေးသော မြို့များသည် နေ့စဉ်တိုးတက်လာသော လူဦးရေအတွက် ပေးရမည့် ဝန်ဆောင်မှုများကို ထိရောက်ကောင်းမွန်စွာ ပေးနိုင်ရန် လိုအပ်လာပြီး၊ အဆိုပါ လိုအပ်ချက်များကို အချိန်နှင့်တပြေးညီ မဖြည့်ဆည်းပေးနိုင်ပါက မနိုင်ဝန်ထမ်းရသော မြို့ကဲ့သို့ဖြစ်လာပြီး စိန်ခေါ်မှုများ၊ ပြဿနာများစွာနှင့် ကြုံတွေ့ရပါတော့သည်။  ဤဆောင်းပါးတွင် မြန်မာနိုင်ငံ၏ မြို့ပြများတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ပြဿနာများကို လက်လှမ်းမှီသလောက် တင်ပြသွားမည် ဖြစ်ပါသည်…..။

 

ဆောင်းပါးအပြည့်အစုံကို အောက်ဖော်ပြပါလင့်စ်မှ တဆင့် ရယူဖတ်ရှုနိုင်ပါသည်။